အင်ဒိုနီးရှားမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ ငလျင်ကြီးကြောင့် သေဆုံးသူ ဦးရေဟာ ၅၀ ကျော်လွန်လာပြီဖြစ်ပြီး လူပေါင်း ၅၀၀၀ လောက် နေအိမ်တွေကို စွန့်ခွာထားရဆဲ ဖြစ်ပါတယ်။
ဩဂုတ် ၁၆ ရက်နေ့က အင်ဒိုနီးရှား အရှေ့ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအတွင်း အဆောက်အအုံတွေ ပြိုကျပြီး အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကိုလည်း ကယ်ဆယ်ရေးတွေက အပူတပြင်း ဆက်လက် ရှာဖွေနေပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ငလျင်ကြောင့် တံတားတွေလည်း ကျိုးပြီး လမ်းတွေပေါ် မြေပြို ပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ကယ်ဆယ်ရေး ကဏ္ဍမှာ အခက်အခဲတွေ ပိုပြီး ကြုံလာပါတယ်။
လက်ရှိ အချိန်ထိ သေဆုံးစာရင်း ၅၃ ဦး ရထားပြီး ဒဏ်ရာရသူ ၁၃၀ ကျော်ရှိပါတယ်။ ထိခိုက်မိသူ အများစုဟာ အရိုးကျိုးခဲ့ကြတာ ဖြစ်ပါတယ်။ ဩဂုတ် ၁၆ ရက်နေ့ ငလျင်ဟာ ၂၀၂၂ တုန်းက အနောက်ဂျာဗားမှာ လှုပ်ခတ်ခဲ့ပြီး လူပေါင်းရာနဲ့ချီ သေဆုံးစေခဲ့တဲ့ ငလျင်ကြီးနောက်ပိုင်း အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံမှာ လူအသေအပျောက် အများဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Public Service Announcement
အိမ်တွေ ပြိုကျ ပျက်စီးကုန်တာ အပါအဝင် လက်ရှိ အချိန်ထိ နေရပ်မပြန်နိုင်ဘဲ ရွှေ့ပြောင်းနေရဆဲသူ ၅၀၀၀ လောက် ရှိတဲ့ထဲက ၃၃၀၀ လောက်ဟာ အရှေ့ဆစ်ခါ ဒေသခံတွေ ဖြစ်ပါတယ်။ သူတို့တွေက အားကစားရုံ တစ်ခုမှာ ဖွင့်လှစ်ထားတဲ့ ယာယီ ခိုလှုံရေး စခန်းမှာ ဝင်ရောက်နေထိုင်နေပါတယ်။ တချို့တွေကလည်း ပြိုကျနေတဲ့ နေအိမ်တွေနားမှာပဲ တာပေါ်လင်စတွေနဲ့ ရွက်ဖျင်တဲတွေထိုးပြီး နေထိုင်နေပါတယ်။
ငလျင်ဘေးသင့် ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ လုံခြုံရေးတွေ ဆောင်ရွက်ဖို့ ရဲနဲ့ စစ်သား ၃၅၀၀ ကျော်ကိုလည်း ဖြန့်ကျက်ပေးထားကြောင်း သိရပါတယ်။ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ဓာတ်အားပြတ်တောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပေမယ့် အခုတော့ နေရာအားလုံးနီးပါး မီးပြန်လာနေပြီ ဖြစ်ပါတယ်။
ငလျင်ဒဏ်ကို အပြင်းထန်ဆုံး သက်ရောက် ခံစားခဲ့ရတဲ့ အရှေ့နူဆာ တန်ဂါရာ ပြည်နယ်မှာတော့ ပြည်နယ်အစိုးရက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာထားခဲ့ပါတယ်။ အဲဒီဒေသဟာ ၁၉၉၂ တုန်းကလည်း မဂ္ဂနီကျု ၇.၅ ငလျင်တစ်ခုကြောင့် ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။
အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိပြီး ငလျင် လှုပ်ခတ်မှုတွေနဲ့ မကြာခဏ ကြုံဖူးပါတယ်။ ၂၀၀၄ ခုနှစ်ကတော့ လူ့သမိုင်းမှာ အဆိုးဆုံး ငလျင်လှုပ်ခတ်မှုနဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်း ရိုက်ခတ်မှုတွေကို အင်ဒိုနီးရှားမှာ ကြုံတွေ့ခဲ့ပါတယ်။ မဂ္ဂနီကျု ၉.၁ အဆင့် ဖျက်အားပြင်း ငလျင်ကြီးနဲ့ ဆူနာမီ ရေလှိုင်းတွေကြောင့် အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀၀၀၀ လောက် အပါအဝင် စုစုပေါင်း လူ ၂၂၀၀၀၀ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ကိုးကား: Reuters


















































