ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ၁၅ နှစ်လောက် အုပ်ချုပ်ခဲ့ဖူးတဲ့ ဟာဆီနာဟာ ၂၀၂၄ ခုနှစ်တုန်းက တက္ကသိုလ် ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ လူထုအုံကြွမှုကြောင့် ပြည်ပကို ထွက်ပြေးသွားခဲ့ရပါတယ်။ သူဟာ အဲဒီအချိန်ကစလို့ အိန္ဒိယမှာ ခိုလှုံနေခဲ့တာ ဖြစ်ပါတယ်။
ဟာဆီနာဟာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသစ်တက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ကြားကာလ အစိုးရ လက်ထက်မှာ သူ့ကို မျက်ကွယ် သေဒဏ်စီရင်ချက် ချမှတ်ထားပါတယ်။ ဟာဆီနာကတော့ သူဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ တရားရုံး စွပ်စွဲချက်ကို ငြင်းဆိုပြီး နိုင်ငံရေးအရ သိက္ခာချတဲ့ စီရင်ချက် တစ်ခုသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
လက်ရှိမှာ ဝရမ်းပြေးဖြစ်နေတဲ့ ဟာဆီနာကို လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ တောင်းဆိုမှုကို အိန္ဒိယဖက်က ပယ်ချထားတာကြောင့်လည်း နှစ်ဖက်ကြား တင်းမာမှုတွေ ရှိနေပါတယ်။ ဩဂုတ် ၁၆ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဝန်ကြီးချုပ် တာရစ်ရာမန်ဟာ အခုလထဲမှာ အိန္ဒိယကို သွားရောက်နိုင်ခြေရှိကြောင်း ခန့်မှန်းချက်တွေကို အတိအလင်း ငြင်းဆိုသွားပါတယ်။

Public Service Announcement
အဲဒီလို ခရီးစဉ်မျိုး ဖြစ်ပေါ်လာဖို့ဆိုရင် သင့်တော်တဲ့ နောက်ခံ အခြေအနေတွေ ရှိနေဖို့ လိုအပ်ကြောင်း၊ အနှစ်ချုပ် ပြောရရင်တော့ ဟာဆီနာနဲ့ တခြားဝရမ်းပြေးတွေကို အိန္ဒိယ အစိုးရက အရင်ဆုံး လက်လွှဲပေးရမှာ ဖြစ်ကြောင်း၊ အဲဒီ အတွက်လည်း ဘင်္ဂလားဒေ့ရှ်ဖက်က တိုက်တွန်း တောင်းဆိုထားကြောင်း အဲဒီ အရာရှိက ပြောပါတယ်။
ရာမန်ဟာ ဖေဖော်ဝါရီလတုန်းက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရာထူးကို လက်ခံယူခဲ့ပြီး မလေးရှားနဲ့ တရုတ်တို့ဆီ သွားရောက်ခဲ့ပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသူတွေက ပထမဆုံး နိုင်ငံခြား ခရီးစဉ်ကို အိမ်နီးချင်း အင်အားကြီးနိုင်ငံ အိန္ဒိယဆီပဲ သွားရောက်လေ့ရှိတဲ့ ထုံးတမ်းအစဉ်အလာကို ဖောက်ထွက်လိုက်တဲ့ သဘောပါပဲ။
ဒါပေမဲ့ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အိန္ဒိယ မဟာမင်းကြီး ဒီနက်ရှ် ထရီဗာဒီက ရာမန်နဲ့ တွေ့ဆုံခဲ့တာကြောင့် နှစ်ဖက်ကြား ဆက်ဆံရေးမှာ အပြောင်းအလဲတချို့ ရှိလာနိုင်ကြောင်း ထင်ကြေးတွေ ထွက်ပေါ်လာပါတယ်။
ဟာဆီနာဟာ ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရပေမယ့် နောက်ပိုင်းမှာတော့ အာဏာရှင်ဆန်တဲ့ အုပ်စိုးမှုမျိုးကို ကျင့်သုံးလာကြောင်း ဝေဖန် ခံခဲ့ရပါတယ်။ အခုလ အစောပိုင်းတုန်းကတော့ သူက ဘင်္ဂလားဒေ့ရှ်မှာ ဖမ်းဆီးခံရ၊ သေဒဏ်စီရင်ခံရနိုင်ခြေ ရှိနေရင်တောင်မှ နှစ်မကုန်ခင် ပြန်သွားဖို့ ရည်ရွယ်ထားကြောင်း ဖွင့်ဟ ပြောကြားထားပါတယ်။
ကိုးကား: AFP


















































