အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဥက္ကဋ္ဌနဲ့ အမှုစစ်အရာရှိ တစ်ဦးကို အမေရိကန်က ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုဟာ ICCရဲ့ တိုမိုကို အကာနီအပြင် ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေး ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအကြောင်း စုံစမ်းနေတဲ့ ရှေ့နေ အက်ဘ်ဒူလာယာ ဆီယီတို့ကို ပစ်မှတ်ထားပြီး ပိတ်ဆို့ အရေးယူခဲ့တာ ဖြစ်ပါတယ်။
ဩဂုတ် ၁၈ ရက်နေ့မှာ ရူဘီရိုက အဲဒီ ပိတ်ဆို့အရေးယူမှု သတ်မှတ်ချက် အသစ်တွေကို တရားဝင် ကြေညာခဲ့ပါတယ်။ ICCရဲ့ စီမံဆုံးဖြတ်ပိုင်ခွင့်အပေါ် သဘောတူ လက်ခံထားခြင်း မရှိတဲ့ အစိုးရတွေက ခန့်အပ်ထားတဲ့ အရာရှိတွေအပေါ် ဖမ်းဆီးဖို့၊ တရားစွဲဆိုဖို့ အားထုတ်မှုတွေအတွက် အခုလို တုံ့ပြန် အရေးယူတာ ဖြစ်တယ်လို့ ရူဘီရိုက ပြောပါတယ်။
အကာနီဟာ ဂျပန်အမျိုးသမီး တရားသူကြီး တစ်ဦးဖြစ်ပြီး ဆီယီကတော့ ဆီနီဂေါ နိုင်ငံသား အကြီးတန်း ရှေ့နေတစ်ဦး ဖြစ်ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ လတုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ လတုန်းကလည်း အမေရိကန်ရဲ့ အချုပ်အခြာ အာဏာအပေါ် ICCက ခြိမ်းခြောက်လာနိုင်ခြေတွေကို တုံ့ပြန်မယ့် အစီအမံတွေကို မိတ်ဆက်ခဲ့ပါသေးတယ်။
အမေရိကန်ရဲ့ အဆုံးစွန် ရည်မှန်းချက်ကတော့ အမေရိကန် စစ်မှုထမ်းတွေ၊ အရာရှိတွေ၊ ဒါမှမဟုတ် အမေရိကန်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်တဲ့ ICCရဲ့ လုပ်ဆောင်နိုင်စွမ်း မှန်သမျှကို ဖြိုဖျက်ဖို့ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
ရူဘီရိုက ICC အဖွဲ့ဝင် ၁၂၅ နိုင်ငံ အနေနဲ့လည်း ICCကနေ နုတ်ထွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သူဟာ အမေရိကန် မဟာမိတ်ဖြစ်တဲ့ အစ္စရေးအပေါ် ခြိမ်းခြောက်ဖို့ ကြိုးစားနေလို့ ICCကို ပစ်မှတ်ထားခဲ့တာလို့ ပြောကြားထားပါတယ်။
အမေရိကန်ဟာ ICCရဲ့ အမှုစစ်ချုပ်ဟောင်း ကာရင်မ်ခန်းကိုလည်း အရေးယူ ပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းခဲ့ပါသေးတယ်။ ခန်းဟာ ဂါဇာက စစ်ရာဇဝတ်မှုတွေအတွက် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ ကာကွယ်ရေး ဝန်ကြီး ယိုယက်ဗ် ဂဲလန့်တို့ကို ICC ဖမ်းဝရမ်းထုတ်အောင် အောင်အောင်မြင်မြင် အားထုတ်နိုင်ခဲ့သူ ဖြစ်ပါတယ်။
ထရမ့်က ICCဟာ အမေရိကန်နဲ့ မဟာမိတ် အစ္စရေးတို့အပေါ် အခြေအမြစ်မရှိ၊ တရားမဝင်တဲ့ လုပ်ရပ်တွေနဲ့ ပစ်မှတ်ထား ထိုးနှက်နေတယ်လို့ စွပ်စွဲပြီး ၂၀၂၅ ခုနှစ်မှာ ICC တစ်ခုလုံးကိုလည်း အရေးယူ ပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။
အကာနီနဲ့ ဆီယီတို့ဟာ ဘယ်လို လုပ်ရပ်တွေကြောင့် အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ခံခဲ့ရသလဲ ဆိုတာကိုတော့ ရူဘီရိုက အသေးစိတ် မပြောပါဘူး။ အမေရိကန် မီဒီယာတွေကတော့ ဆီယီဟာ ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေး နိုင်ငံသားတွေ တရားမဝင် အခြေချမှု၊ လက်နက်တွေ ဖြန့်ဝေပေးနေမှုတွေမှာ အစ္စရေးက ငွေကြေးထောက်ပံ့ပေးနေတဲ့ ကိစ္စတွေကိုပါ ဦးဆောင်စစ်ဆေးနေကြောင်း ဖော်ပြထားကြပါတယ်။
ကိုးကား: Guardian


















































