စစ်ကာလအတွင်းမှာပဲ ရွေးကောက်ပွဲ ကျင်းပသင့်ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဟောင်းက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ် ဖီဒိုရော့ဗ်ဟာ နှစ်ဆန်းပိုင်းမှာ ယူကရိန်း ကာကွယ်ရေး ဝန်ကြီး ဖြစ်လာခဲ့ပေမယ့် ဇူလိုင်လမှာတော့ ရာထူးကနေ ဖယ်ရှားခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနထဲက အဂတိ ကိစ္စတွေကို ထိထိရောက်ရောက် ဖြိုခွင်းနိုင်ခဲ့သလို ခေတ်မီဆန်းသစ်တဲ့ စစ်ဆင်ရေး အတွေးအမြင်တွေ ယူဆောင်လာသူအဖြစ် အသိအမှတ်ပြု ခံခဲ့ရသလို ယူကရိန်း ပြည်သူတွေကြားမှာ လူကြိုက်များခဲ့ပါတယ်။
ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ ယူကရိန်း စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး အိုလက်ဆန်ဒါ ဆာစကီနဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပွားခဲ့ရာက ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေ ပြင်းထန်လာတဲ့အတွက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ဆာစကီကိုပါ ရာထူးကနေ ထုတ်ပယ်ခဲ့ရပါတယ်။
ဩဂုတ် ၁၈ ရက်နေ့မှာတော့ ဖီဒိုရော့ဗ်က အွန်လိုင်းမှာ ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့ပြီး ယူကရိန်းဟာ ကာလရှည်ကြာ စစ်ပွဲကြီး ဖြစ်ပွားနေတာတောင်မှ ဒီမိုကရေစီ စံနှုန်းတွေကို အလေးထားတဲ့ အနေနဲ့ ရွေးကောက်ပွဲ ကျင်းပသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
ယူကရိန်းဟာ ဥရောပတိုက်ရဲ့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ဆက်လက် ရပ်တည်ချင်တာကြောင့် စစ်ပွဲကို တိုက်ခိုက်နေတာဖြစ်ကြောင်း၊ တစ်ဖက်မှာတော့ ရုရှားကြောင့် နိုင်ငံရဲ့ ဒီမိုကရေစီက ဓားစာခံလို ချုပ်နှောင်ခံမထားသင့်ကြောင်း သူက ဆိုပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရုရှားက ကျူးကျော်စစ်ပွဲ စတင်ဆင်နွှဲခဲ့တဲ့နောက် ယူကရိန်း အစိုးရဟာ အရေးပေါ် အခြေအနေ ကြေညာထားပြီး အကျိုးဆက် အနေနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကိုပါ ဆိုင်းငံ့ထားပါတယ်။
ဖီဒိုရော့ဗ်က ဇီလန်စကီးကို တိုက်ရိုက် နာမည်တပ် စွပ်စွဲတာမျိုး မဟုတ်ပေမယ့် လက်ရှိ ခေါင်းဆောင်မှုဟာ အမျိုးသားရေးအရ အရေးပေါ် အခြေအနေမျိုးမှာ အင်မတန် အားနည်းညံ့ဖျင်းစွာ လုပ်ငန်းလည်ပတ်နေတဲ့ နိုင်ငံမှာ အဂတိ ထူပြောမှုတွေကို တိုက်ဖျက်ဖို့လည်း ရုန်းကန်နေရကြောင်း ဝေဖန်ခဲ့ပါတယ်။
ဇီလန်စကီးဟာ ဩဂုတ် ၁၈ ရက်နေ့မှာ ယာယီ ကာကွယ်ရေးဝန်ကြီး ယက်ဗ်ဟန် ခါမာရာကို အဲဒီရာထူးမှာ အမြဲတမ်း ခန့်အပ်ကြောင်း တရားဝင် အတည်ပြုခဲ့ပါတယ်။ သူက စစ်ပွဲကာလအတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ဖီဒိုရော့ဗ်က တောင်းဆိုခဲ့တာနဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ယူကရိန်း နိုင်ငံရေး သုတေသီ တစ်ဦးဖြစ်တဲ့ အာတမ် ဘရွန်ဇူကော့ဗ်ကတော့ ယူကရိန်းအနှံ့ ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့ ကာလမျိုးမှာ လူစုလူဝေးနဲ့ ရွေးကောက်ပွဲတွေ ကျင်းပတာက လက်တွေ့ကျတဲ့ စိတ်ကူးမျိုး ဟုတ်ရဲ့လားလို့ ထောက်ပြ မေးခွန်းထုတ်ခဲ့ပါတယ်။ စစ်ပွဲကြီး ဖြစ်ပွားနေချိန်မှာ ပြည်သူတွေရဲ့ လုံခြုံရေးကို ဘယ်လို ဦးစားပေးရမလဲ ဆိုတဲ့အပေါ် အခုထိ တချို့က ရှင်းရှင်းလင်းလင်း နားမလည်ကြသေးဘူးလို့ သူက ပြောပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာလည်း ဇီလန်စကီးနဲ့ ဆက်ဆံရေး တင်းမာမှုတချို့ ရှိခဲ့တဲ့ ကာလတွေအတွင်း ယူကရိန်းမှာ ရွေးကောက်ပွဲ ကျင်းပသင့်ကြောင်း ပြောခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ သူနဲ့ ဇီလန်စကီးတို့ကြား ဆက်ဆံရေးက တဖြည်းဖြည်းချင်း ပြန်လည် သင့်မြတ် ပြေလည်လာသလို အဲဒီကိစ္စအကြောင်း ထရမ့်က စကားထပ်မစတော့ပါဘူး။
ကိုးကား: BBC


















































