Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ညွှန်ကြားချက်အပြီး တောင်ကိုရီးယား-အမေရိကန် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ကြာမြင့်ချိန်ကို လျှော့ချ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးခဲ့တဲ့နောက် တောင်ကိုရီးယား-အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို အတိုင်းအတာ ပမာဏ အရရော၊ အချိန်ကြာမြင့်မှု အရပါ လျှော့ချပစ်ခဲ့ရပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးခဲ့တဲ့နောက် တောင်ကိုရီးယား-အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို အတိုင်းအတာ ပမာဏ အရရော၊ အချိန်ကြာမြင့်မှု အရပါ လျှော့ချပစ်ခဲ့ရပါတယ်။

ဩဂုတ် ၁၇ ရက်မှာ စတင်ခဲ့တဲ့ နှစ်ပတ်လည် Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုကို မူလက ၁၁ ရက်ကြာ သတ်မှတ်ထားခဲ့ပေမယ့် အခုတော့ ၅ ရက်တည်းနဲ့ အပြီးသတ်စေတော့မယ်လို့ မဟာမိတ် နှစ်နိုင်ငံက အတည်ပြု ကြေညာခဲ့ပါတယ်။

ထရမ့်က အဲဒီ စစ်ရေးလေ့ကျင့်မှုကို ပမာဏ သိသိသာသာ လျှော့ချပစ်ဖို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကို လေ့ကျင့်မှုတွေ မစခင် ၂၄ နာရီလောက် အလိုကျမှ အချိန်ကပ်ပြီး အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ အီရန်စစ်ပွဲမှာ အမေရိကန်ဖက်က တောင်ကိုရီးယားက ကူညီတိုက်ခိုက်ပေးဖို့ ငြင်းဆိုခဲ့တဲ့အတွက် အခုလို ဆုံးဖြတ်ခဲ့တယ် ဆိုတာမျိုးလည်း ထရမ့်က ထုတ်ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ ပူးပေါင်းပြီး နှစ်စဉ်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး အစီအမံတွေမှာ အရမ်း အရေးပါပေမယ့် အခုတော့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်က အကျပ်ရိုက်စရာ ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို ပမာဏ လျှော့ချပြီး ၅ ရက်တည်းနဲ့ အပြီးသတ်စေမယ်ဆိုတဲ့ ကြေညာချက်ကို တောင်ကိုရီးယားရော၊ အမေရိကန်ကပါ ဩဂုတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ကိုရီးယားကျွန်းဆွယ် အပါအဝင် အရှေ့အာရှ ဒေသတွင်း လုံခြုံရေး အစီအမံတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ တောင်ကိုရီးယား နိုင်ငံကို ရောက်ရှိလာတဲ့ နေ့မှာပဲ အဲဒီ ထုတ်ပြန်ချက်လည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ နိုင်ငံရေးဩဇာ ကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်ကတော့ ဘယ်လောက် အတိုင်းအတာနဲ့ပဲ ဖြစ်ပါစေ၊ အမေရိကန်-တောင်ကိုရီးယား ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားကို ရန်လိုမှု၊ ရန်စမှုမြောက်တဲ့ လုပ်ရပ်မျိုးအဖြစ် ရှိနေဆဲလို့ အစိုးရပိုင် KCNA သတင်းဌာနဆီကို ဩဂုတ် ၁၉ ရက် ညနေပိုင်းမှာ ပြောကြားခဲ့ပါတယ်။

မူလက ဩဂုတ် ၂၇ ရက်နေ့ထိ ကြာမြင့်မယ်လို့ ရက်သတ်မှတ်ထားတဲ့ Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုဟာ အခုတော့ ဩဂုတ် ၂၁ ရက်နေ့မှာ ပြီးဆုံးတော့မှာပါ။ တောင်ကိုရီးယား စစ်တပ်ကတော့ စစ်ရေးလေ့ကျင့်မှုကို နှစ်ပိုင်းခွဲ စီစဉ်ထားခဲ့ရာကနေ ဒုတိယပိုင်းကို ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ခဲယမ်းမီးကျောက် အစစ်တွေ အသုံးပြု ပစ်ခတ်တဲ့ လေ့ကျင့်မှု အစိတ်အပိုင်း တချို့ကိုလည်း ဖျက်သိမ်းတာ၊ ဒါမှမဟုတ် သရုပ်တူ အဆင့်လောက်ပဲ လေ့ကျင့်တာမျိုး ပြောင်းလဲစေတာတွေ လုပ်ခဲ့တယ်လို့ အတည်ပြုသွားပါတယ်။

ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် စီးပွားရေး အင်စတီကျုရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး သုတေသီ တစ်ဦးဖြစ်တဲ့ အယ်လန်ကင်မ်ကတော့ စစ်ရေးလေ့ကျင့်မှုကို လျှော့ချစေခဲ့တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ လူသိရှင်ကြား ထုတ်ပြောထားတဲ့ အကြောင်းပြချက်ထက် ပိုပြီး နက်ရှိုင်းတဲ့ စိတ်ကူးတွေ ရှိနိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

အဲဒါတွေကတော့ အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီမှုတစ်ခု ညှိနှိုင်းနေတဲ့ တောင်ကိုရီးယားကို ဖိအားပေးဖို့၊ အီရန်စစ်ပွဲမှာ အမေရိကန် ရုန်းကန်နေရတဲ့ အခြေအနေတွေကနေ လူထု အာရုံစိုက်မှုကို ပြောင်းပစ်နိုင်ဖို့၊ မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေး လမ်းကြောင်းတွေ ပြန်ဖွင့်ဖို့ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။ ထရမ့်ဟာ ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင် ပစ်ချင်ပုံပဲလို့လည်း သူက ပြောပါတယ်။

ထရမ့်က သူဟာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ အဆက်အသွယ်တွေ ရှိတယ်လို့လည်း မှတ်ချက်ပေးထားပေမယ့် ကင်မ်ယိုဂျောင်ကတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား လောလောလတ်လတ် စကားပြောဖြစ်တာမျိုး သူတော့ သိမထားဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့အစ်ကိုနဲ့ ထရမ့်ရဲ့ကြားက ဆက်ဆံရေးကတော့ အကောင်းဆုံး အနေအထားမှာ ရှိနေဆဲပဲလို့လည်း ကင်မ်ယိုဂျောင်က ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဥက္ကဋ္ဌနဲ့ အမှုစစ်အရာရှိ တစ်ဦးကို အမေရိကန်က ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းလုပ်ဆောင်တဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယား အစိုးရ မီဒီယာက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် ရည်ညွှန်းရေးသားထားတဲ့ မြေပုံဖြတ်ပိုင်း တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့ပါတယ်။

Facebook