Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Palestine Actionကို အကြမ်းဖက် အဖွဲ့အဖြစ် အမေရိကန် သတ်မှတ်

ဗြိတိန်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားမှု အဖွဲ့အစည်း တစ်ခုကို အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။

ဓာတ်ပုံ - AFP

ဗြိတိန်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားမှု အဖွဲ့အစည်း တစ်ခုကို အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။

စတင်ထူထောင်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကစပြီး အကြမ်းဖက် လုပ်ရပ်တွေ အများအပြားကို အားပေး ထောက်ခံခဲ့တဲ့အတွက် Palestine Action အဖွဲ့အပေါ် အရေးယူဖို့ ဆုံးဖြတ်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

Palestine Action အဖွဲ့ကို အားပေး ထောက်ပံ့မှုတွေဟာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေတွေကို ချိုးဖောက်ရာရောက်ကြောင်း ဗြိတိန် အစိုးရက မနှစ်ကတည်းက သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။ အမေရိကန် မတိုင်ခင် ကတည်းက Palestine Actionကို ဗြိတိန်ကလည်း အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

အဖွဲ့ရဲ့ ပူးတွဲထူထောင်သူ ဟူဒါ အမ်မိုရီကတော့ သူဟာ ပါလက်စတိုင်းနဲ့ အီရတ်အနွယ် တစ်ဦးဖြစ်ကြောင်း၊ သူ့ရဲ့ မိခင်ဒေသတွေကို ဖျက်ဆီးခဲ့တဲ့ နိုင်ငံတစ်ခုက အခုဆိုရင် သူ့ကို အကြမ်းဖက်သမားလို့ တံဆိပ်လာကပ်နေကြောင်း၊ ဒီကိစ္စမျိုးက ကြောင်သူတော် လုပ်ရပ်ထက် အများကြီး ပိုလွန်ကဲနေကြောင်း အမေရိကန်ကို ရည်ရွယ်ပြီး လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးဆီ ဗြိတိန်က စစ်လက်နက်တွေ တင်ပို့နေတာကို ဆန့်ကျင် ရပ်တည်ဖို့ ရည်ရွယ်ချက်နဲ့ Palestine Actionကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တုန်းက ဗြိတိန်မှာ အခြေပြု ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ဘက်ဆန့်ကတော့ အဲဒီအဖွဲ့ဟာ လက်ဝဲ အစွန်းရောက် နိုင်ငံရေး ဝါဒကို ဆုပ်ကိုင်ထားကြောင်း စွပ်စွဲခဲ့ပြီး လူ့အဖွဲ့အစည်းထဲမှာ နိုင်ငံရေး အကြမ်းဖက် ဝါဒတွေကို နေရာပေးလို့ မရကြောင်း ပြောကြားခဲ့ပါတယ်။ အခုအခါ အမေရိကန်ဟာ အဲဒီ အဖွဲ့အစည်း နောက်ဆုံးမှာ ချုပ်ငြိမ်းသွားတဲ့ထိ ဘဏ္ဍာရေး လမ်းကြောင်းတွေကို ဖြတ်တောက် အရေးယူသွားမယ်လို့လည်း သူက ဆိုပါတယ်။

အမ်မိုရီကတော့ Palestine Actionဟာ လူ့အသက်တွေကို ကယ်ဆယ်ဖို့ပဲ အမြဲတမ်း ရည်ရွယ်ခဲ့ကြောင်း၊ သူ့ရဲ့ အဖွဲ့ကို အမေရိကန်က ပစ်မှတ်ထားလာတာဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဒီမိုကရေစီအပေါ် တန်ဖိုးထား ဂရုစိုက်သူတိုင်းအတွက် သတိပေးမှုလည်း ဖြစ်လာကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်ရဲ့ အရေးယူမှုတွေထဲမှာတော့ Palestine Actionနဲ့ ပတ်သက်လို့ အမေရိကန်မှာ ရှိနေတဲ့ ပိုင်ဆိုင်မှုတွေ၊ အမေရိကန် နိုင်ငံသားတွေ ကိုင်တွယ်နေတဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ထိန်းချုပ်ခြင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ကမ္ဘာတလွှားက လက်ဝဲစွန်း အကြမ်းဖက် အဖွဲ့အစည်းတွေကို တိုက်ဖျက်မယ်လို့ ကြွေးကြော်ပြီး ပိတ်ဆို့ အရေးယူမှုတွေ ကြေညာနေရာမှာ Palestine Actionလည်း ပါဝင်လာခဲ့တာပါ။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက Palestine Actionဟာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကစလို့ ဗြိတိန် တရားဥပဒေ စိုးမိုးရေး အရာရှိတွေကို ဒဏ်ရာရစေတာ၊ တရားဝင် လည်ပတ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ခြိမ်းခြောက်တာ၊ ဗြိတိန် အစိုးရကို အကျပ်ကိုင်တာတွေ အပါအဝင် အကြမ်းဖက်လုပ်ရပ် မျိုးစုံ ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Palestine Actionဟာ အစ္စရေးအပေါ် စစ်လက်နက် ရောင်းချမှုတွေကို တိုက်ရိုက်ကျတဲ့ နည်းလမ်းတွေနဲ့ ဆန့်ကျင်ရမယ်လို့ ကြွေးကြော်ပြီး လွန်ကဲတဲ့ ဆန္ဒပြမှု ပုံစံတွေကို အသုံးပြုလေ့ ရှိပါတယ်။ သမားရိုးကျ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ပြတာတွေအစား ဗြိတိန် လက်နက်စက်ရုံတွေထဲ ကျူးကျော်ဝင်ရောက်ပြီး အမိုးတွေပေါ်ထိ တက်ရောက် ဆန္ဒပြတာမျိုးတွေ၊ စက်ပစ္စည်းတွေကို ဖျက်ဆီးတာမျိုးတွေ Palestine Actionက လုပ်ဆောင်ခဲ့ပါတယ်။

မနှစ်က ဇူလိုင်လမှာတော့ ဘရိုင်းဇ်နော်တန် လေတပ်စခန်းထဲထိ ကျူးကျော်ဝင်ရောက်ပြီး စစ်လေယာဉ်တွေကို သုတ်ဆေးတွေနဲ့ ပက်ပြီး ဆန္ဒပြခဲ့တဲ့ နောက်မှာတော့ ဗြိတိန် အစိုးရက Palestine Actionကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီအဖွဲ့နဲ့ ဆက်စပ်သူ၊ အကူအညီပေးသူတွေကို အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်ကြောင်း ဗြိတိန် အစိုးရက သတိပေးထားပါတယ်။

တစ်ဖက်မှာတော့ ဗြိတိန်နဲ့ အမေရိကန် အစိုးရတွေက Palestine Actionကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းက မူဝါဒရေးရာ အငြင်းပွားမှုတွေလည်း ရှိနေပါတယ်။ အဲဒီအဖွဲ့ရဲ့ လုပ်ရပ်တွေက အငြင်းပွားစရာ ဖြစ်နေတဲ့တိုင် အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်တို့လို အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ တန်းတူ သတ်မှတ်သင့်သလားလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက မေးခွန်းထုတ်နေပါတယ်။ Palestine Actionဟာ ပစ္စည်းတွေကို ဖျက်ဆီးတာမျိုး ရှိခဲ့ပေမယ့် လူ့အသက်တွေကို အန္တရာယ်မပေးခဲ့ကြောင်း၊ ဒါကြောင့် သူတို့ကို အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်တယ် ဆိုတာက လွတ်လပ်စွာ ဆန္ဒပြခွင့်ကို ပိတ်ပင်ဖို့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေကို အလွဲသုံးစားလုပ်သလို ဖြစ်နေကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ဗြိတိန်မှာတော့ Palestine Actionက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်တာကို မကျေနပ်လို့ အစိုးရကို တရားစွဲထားပြီး အောက်ရုံး ဆုံးဖြတ်ချက်တွေမှာ တစ်လှည့်စီ အနိုင်ရခဲ့ကြပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ ဗြိတိန် တရားရုံးချုပ် အဆင့်ထိတက်ပြီး ဆွေးနွေးရမယ့် အခြေအနေထိ ရောက်ရှိနေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

သူ့ရဲ့ ကုန်သွယ်ခွန် တိုးမြှင့်မှုတွေကို လက်တုံ့ပြန်လာတဲ့ ကနေဒါကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျေးလက်ဂီတ လောကရဲ့ ဂန္ထဝင် တစ်ဦးအဖြစ် သတ်မှတ်ခံရသူ အဆိုတော်၊ တေးရေးဆရာမ ဒေါ်လီပါတန်ဟာ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ စီးပွားရေး လုပ်ငန်းရှင် ပရဟိတ တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ်လည်း ထင်ရှားခဲ့ပါတယ်။

နိုင်ငံတကာ

သက်တမ်းတို ဗီဇာနဲ့ ဝင်ရောက်လာပြီးမှ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူ နိုင်ငံခြားသားတွေဆီက ဗီဇာ ရုပ်သိမ်းဖို့ အမေရိကန် အစိုးရက ပြင်ဆင်နေပါတယ်။

နိုင်ငံတကာ

အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲဟာ ကြိုတင် ထုတ်ပြန်မထားတဲ့ ခရီးစဉ်အဖြစ် ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ဆီ သွားရောက်ခဲ့ပါတယ်။