ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး စည်းမျဉ်းခံ ဘုရင်အဖြစ် သတ်မှတ်ခံထားရပြီး ယူဂန္ဓာ ပိုင်နက်ထဲမှာ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်နေတဲ့ နိုင်ငံငယ် တစ်ခုရဲ့ ဘုရင်လေးဟာ အသက် ၃၄ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။
အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ ယူဂန္ဓာမှာ ရွေးကောက်ခံ သမ္မတက လွှတ်တော် နိုင်ငံရေး စနစ်နဲ့ အုပ်ချုပ်နေပါတယ်။ ဒါပေမဲ့ ယူဂန္ဓာ နိုင်ငံ အနောက်ပိုင်း ပိုင်နက်နယ်မြေတွေထဲမှာ တိုရိုဆိုတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံငယ်လေး တည်ရှိနေပြီး ရိုးရာ ဘုရင်စနစ်ကို ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ်။ တိုရိုရဲ့ ဘုရင်ဟာ နိုင်ငံရေး ဩဇာ မရှိဘဲ မျိုးနွယ်စုနဲ့ ဒေသဆိုင်ရာ ထုံးတမ်းဓလေ့တွေကို ထိန်းသိမ်းတဲ့ သင်္ကေတ အဖြစ်သာ အဓိက ရပ်တည်နေပါတယ်။
အိုယို ဘုရင်လို့ လူသိများတဲ့ ဆဋ္ဌမ အိုယို ညင်ဘာ ကာဘမ်ဘာ အီဂူရူ ရူကီဒီဟာ တိုရို ထီးနန်းကို ၁၉၉၅ ခုနှစ်မှာ ဆက်ခံခဲ့ပါတယ်။ ခမည်းတော် ကွယ်လွန်ချိန်မှာ နန်းမွေခံ စည်းမျဉ်းတွေအရ အိမ်ရှေ့မင်းသားဖြစ်တဲ့ အိုယိုက ဘုရင်အဖြစ် ဘိသိက်ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက သူ့အသက်ဟာ ၃ နှစ်သာ ရှိသေးတာကြောင့် တောက်တောက်ပြေးတတ်စ အရွယ်မျိုးမှာတင် ထီးနန်းဆက်ခံခဲ့ရပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘုရင်လည်း ဖြစ်လာပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့မှာ ဘုရင်အိုယို ကွယ်လွန်ကြောင်းကို ယူဂန္ဓာ အစိုးရက ထုတ်ပြန်ပေမယ့် သေဆုံးတဲ့ အကြောင်းရင်းကိုတော့ မကြေညာခဲ့ပါဘူး။ ဒါပေမဲ့ တိုရို ဘုရင့်နိုင်ငံ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးကတော့ ဘုရင်ဟာ အပြင်းအထန် နာမကျန်း ဖြစ်နေတာ အချိန်အတော်ကြာ ရှိခဲ့ပြီး အမေရိကန်မှာ ဆေးဝါးကုသမှု ခံယူနေခဲ့ကြောင်း ပြောပြပါတယ်။ အိုယိုဘုရင်ဟာ အမေရိကန်မှာပဲ ကွယ်လွန်သွားခဲ့တာပါ။

Public Service Announcement
အိုယိုဟာ အနည်းဆုံး လူပေါင်း ၁ သန်းလောက်ကို အုပ်စိုးခွင့်ရတဲ့ ထီးဆောင်းမင်းတွေထဲမှာ အသက်အငယ်ဆုံးဆိုတဲ့ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်ကိုလည်း ရရှိထားပါတယ်။ တိုရို ဘုရင့်နိုင်ငံမှာ လူဦးရေ ၂.၁ သန်းလောက် နေထိုင်ပါတယ်။ ၁၉ ရာစု အစောပိုင်းမှာ ထူထောင်ခဲ့တဲ့ မင်းဆက်မှာတော့ သူဟာ ၁၃ ပါးမြောက် ဘုရင် ဖြစ်ခဲ့ပါတယ်။
တိုရို အစိုးရ အဖွဲ့ရဲ့ ဝန်ကြီးချုပ် ကယ်လ်ဗင် အမ်းစထရွန်း ရိုမီရီ အေကိုင်ကီကတော့ ဘုရင် အိုယို ကွယ်လွန်သွားတာဟာ အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုကြီး တစ်ခုလို့ ပြောကြားခဲ့ပါတယ်။ အခက်ခဲဆုံး ကာလတစ်ခုမှာ တိုရိုဘုရင့်နိုင်ငံရဲ့ ပြည်သူတွေ အားလုံး သွေးစည်းစွာ၊ ညီညွတ်စွာနဲ့ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းကြဖို့လည်း အေကိုင်ကီက တောင်းဆိုခဲ့ပါတယ်။
ဘုရင်အိုယိုမှာ တရားဝင် ထိမ်းမြားလက်ထပ်ထားတဲ့ မိဖုရား မရှိပါဘူး။ ဒါပေမဲ့ အေကိုင်ကီကတော့ နန်းဆက် မပြတ်သွားစေရဘူးလို့ အာမခံခဲ့ပါတယ်။ ဘုရင်ဟာ မျိုးဆက်အဖြစ် သားတော်တစ်ပါး ချန်ထားခဲ့ကြောင်း၊ အဲဒီ မင်းသားငယ်ရဲ့ နာမည်ကို သင့်တင့်လျောက်ပတ်တဲ့ အချိန်ကာလ တစ်ခုရောက်မှာ နိုင်ငံရဲ့ ထီးမွေနန်းလျာ ဆက်ခံမှု စည်းမျဉ်းတွေနဲ့အညီ ထုတ်ပြန်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အိုယိုဟာ သူ့ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုကို ခံခဲ့ရသူ တစ်ဦးဖြစ်ပြီး သူကလည်း လူငယ်စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ပညာရေး၊ ရာသီဥတု ထိန်းသိမ်းရေး၊ HIVနဲ့ AIDS တိုက်ဖျက်ရေးတွေမှာ တက်တက်ကြွကြွ ပါဝင်ကူညီပေးခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC


















































