အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။
အရီဇိုးနား ပြည်နယ်ထဲက ကျယ်ပြန့်လှတဲ့ တောင်ကြားဧရိယာထဲက ဘရိုင်အိန်ဂျယ် ချောက်နဲ့ ဖန်တမ်ရန့်ချ် ဧရိယာတွေမှာ ဩဂုတ် ၂၉ ရက်နေ့ ညနေပိုင်းက ရေကြီးမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့တဲ့နောက် အဲဒီနေရာတွေမှာ တောင်စောင်းအတိုင်း ရွှံ့ရေတွေ ဒလဟော စီးကျလာပြီး ရေကြီးမှု ဖြစ်ခဲ့တာပါ။
ရေကြီးမှုကြောင့် လူပေါင်း ၆၂ ဦးထက်မနည်းကို ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရပြီး ၁၅ ဦးကိုတော့ ရှာမတွေ့သေးပါဘူး။ ကယ်ထုတ်လာသူတွေထဲမှာ ဒဏ်ရာရသူ မပါဝင်ဘူးလို့လည်း သိရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက နောက်ထပ် ပိတ်မိနေသူတွေ ထပ်ရှိနိုင်သေးပြီး ကယ်ထုတ်ရသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
အရာရာ ပြောင်းလဲသွားပုံက ကြောက်ဖို့ ကောင်းလွန်းကြောင်း၊ သာယာလှပနေတဲ့ နေ့လေးတစ်နေ့ကနေ လူတွေ အသက်လု ပြေးလွှားကြ၊ အော်ဟစ်သံတွေဆူညံနေကြတဲ့ အခြေအနေဆီကို ရုတ်တရက် ပြောင်းသွားခဲ့ကြောင်း သူငယ်ချင်း နှစ်ဦးနဲ့အတူ ဖန်တန်ရန့်ချ်ကနေ ကယ်ထုတ်ခံလာရတဲ့ အသက် ၄၁ နှစ်အရွယ် နစ်ကီဘက်ဂ်စ်ဆိုတဲ့ အမျိုးသမီးက ပြောပြခဲ့ပါတယ်။ ဖန်တန်ရန့်ချ်ဟာ ချောက်ကမ်းပါး အောက်ခြေမှာရှိတဲ့ နားခိုရေး စခန်းတစ်ခု ဖြစ်ပါတယ်။

Public Service Announcement
ရာသီဥတု ကြည်ကြည်လင်လင် ရှိနေရာကနေ ရုတ်တရက် မိုးတွေ ရွာလာတဲ့နောက် သူနဲ့ သူငယ်ချင်းတွေဟာ ကုန်းမြင့်ပိုင်းဆီ ရွှေ့ပြောင်းခဲ့ပြီး စားပွဲဝိုင်း တစ်ခုမှာ ဝင်ထိုင်နေခဲ့ကြောင်း၊ ဒါပေမဲ့ ဂရန်းကန်ညွန် သဘာဝ ဥယျာဉ်ဧရိယာရဲ့ တောခေါင်း အရာရှိတွေက သူတို့ကို အဲဒီထက်မြင့်တဲ့ နေရာဆီ ရွှေ့ပြောင်းဖို့ အော်ဟစ် သတိပေးခဲ့ကြောင်း ဘက်ဂ်စ်က ဆိုပါတယ်။ အဲဒီ သတိပေးမှုကြောင့်ပဲ သူတို့တွေ အသက်ဆက်ရှင်ခဲ့တာလို့ ဘက်ဂ်စ်က ဖွင့်ဟခဲ့ပါတယ်။
အမေရိကန် အမျိုးသား ဥယျာဉ်များဌာန (NPS)က အစောပိုင်းမှာ ပျောက်ဆုံးနေသူ ၂၀ လို့ ထုတ်ပြန်ထားပြီး နောက်တော့ အဆက်အသွယ် ရလာသူတွေ ရှိတဲ့အတွက် ၁၅ ဦးလို့ ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။ ဂရန်းကန်ညွန် တဝိုက်ကို လတ်တလော ရောက်ရှိနေသူအားလုံး အတတ်နိုင်ဆုံး ဆက်သွယ်ပေးကြဖို့လည်း NPSက ကြေညာထားပါတယ်။
ပြီးတော့ အခုသီတင်းပတ် အစောပိုင်းအချိန်ထိ ဂရန်းကန်ညွန် တဝိုက်မှာ မိုးသည်းသည်းမည်းမည်း ရွာသွန်းတာ၊ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်တာမျိုး ရှိနိုင်ကြောင်း NPSက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
နှစ်သန်းပေါင်းများစွာ ကြာမြင့်တဲ့ထိ ကော်လိုရာဒိုမြစ်ရဲ့ ရေတိုက်စားမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ ဧရာမ တောင်ကြားလျှိုကြီးဟာ အမေရိကန်ရဲ့ အကျော်ကြားဆုံး အမျိုးသား ဥယျာဉ်ဇုန် သတ်မှတ်နယ်မြေ တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီနေရာကို လည်ပတ်သူတွေ၊ ခြေလျင်နဲ့တောင်တက် ခရီးသွားသူတွေ တစ်နှစ်ကို ၅ သန်းကျော်လောက် လာရောက်လေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တရုတ်နိုင်ငံရဲ့ တိဘက်ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံ ထိစပ်ရာ နယ်စပ်မှာ ရေခဲမြစ် ကျိုးပေါက်ရာက ရုတ်တရက် ရေကြီးမှုတစ်ခု ဖြစ်ပွားပြီး ဩဂုတ် ၃၀ ညပိုင်းထိ အခြေအနေအရ သေဆုံးသူ ၈၀၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၃၀၄၈ ဦးထိ ရှိလာကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC


















































