တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်စပ်ဒေသမှာ လူပေါင်းထောင်ချီ သေကြေ ပျောက်ဆုံးခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအပြီး နီပေါ အစိုးရဟာ နိုင်ငံကြီး သုံးခုဆီကနေ နစ်နာကြေး တောင်းဆိုဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယတို့ဟာ ကမ္ဘာ့ရာသီဥတု အပူချိန် မြင့်တက်လာမှုကို အားပေးတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေကို အများဆုံး ထုတ်လွှတ်နေတဲ့ နိုင်ငံတွေဖြစ်ကြောင်း နီပေါအစိုးရက စွပ်စွဲပါတယ်။ ဩဂုတ် ၂၆ ရက်နေ့က ဟိမဝန္တာ တောင်တန်းဒေသမှာ ရေခဲမြစ်တစ်ခု ကျိုးပျက်ပြီး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပွားခဲ့တာဟာ အဲဒီ နောက်ခံ အခြေအနေနဲ့ ဆက်စပ်တဲ့အတွက် ထိခိုက်ဆုံးရှုံးမှုတွေအပေါ် အဲဒီ သုံးနိုင်ငံက နစ်နာကြေး ပေးသင့်ကြောင်း နီပေါက ပြောပါတယ်။
ရေခဲမြစ်တစ်ခု ကျိုးပျက်ရာကနေ ဘိုတေးကောရှီမြစ်မှာ အကြီးစား ရေကြီးမှု ဖြစ်ခဲ့တာကြောင့် နီပေါရဲ့ ဘက်ဂ်မာတီ ပြည်နယ်ထဲမှာ အပျက်အစီးတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်အတွင်း နီပေါမှာ သေဆုံးသူ ၁၂၀၀ ကျော်လာပြီ ဖြစ်သလို ပျောက်ဆုံးစာရင်းကလည်း ၄၈၀၀ ကျော်ထိ များပြားနေပါတယ်။
နီပေါအစိုးရကတော့ ဒီသဘာဝ ဘေးအန္တရာယ်ကြီးဟာ လူသားတွေရဲ့ စနက်ကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတု ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ သက်ရောက်မှုလို့ ယူဆထားပြီး နစ်နာကြေး တောင်းဆိုမှုအတွက် အလေးအနက် ပြင်ဆင်နေပါတယ်။ အဲဒီအတွက် နီပေါ ဝန်ကြီးချုပ် ဘာလန်ရှားဟာ နယူးယောက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံဆီ သွားရောက် တင်ပြဖို့လည်း ရည်ရွယ်ထားပါတယ်။

Public Service Announcement
တရုတ်၊ အိန္ဒိယနဲ့ အမေရိကန်တို့ဟာ ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတွေ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ တိုးလာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုတော့ နီပေါလိုမျိုး ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိမှု အနည်းဆုံး နိုင်ငံတွေက သက်ရောက် ခံစားနေရတာဟာ လုံးဝ မမျှတကြောင်း နီပေါ နိုင်ငံခြားရေး ဝန်ကြီး ရှီရှာကာနဲလ်က ပြောကြားခဲ့ပါတယ်။ ဒါကြောင်း အဲဒီနိုင်ငံကြီးတွေဟာ ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးကျိုးသက်ရောက်မှုဒဏ် ခံစားနေရတဲ့ နိုင်ငံတွေအပေါ် နစ်နာကြေးပေးဖို့ တာဝန်ရှိတယ်လို့ သူက ဆိုပါတယ်။
ဟိမဝန္တာရဲ့ ဆူနာမီလို့ မီဒီယာတွေက သုံးနှုန်းကြတဲ့ တောင်ပေါ်ရေကြီးမှုကြီးအပြီးမှာတော့ နီပေါ အစိုးရဟာ ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ ထိခိုက်ဆုံးရှုံးမှု ကုစားရေး ရံပုံငွေထဲကနေ အရေးပေါ် ဘဏ္ဍာရေး အကူအညီ ရရှိနိုင်ဖို့လည်း တရားဝင် တောင်းဆိုထားပါတယ်။
ဒါပေမဲ့ နီပေါဟာ ရေကြီးမှုတွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ကိုင်တွယ်မယ့် သံတမန်ရေး အခင်းအကျင်းကို အကူအညီ တောင်းခံနေတဲ့ ပုံစံကနေ တရားမျှတမှုအတွက် နစ်နာကြေး တောင်းဆိုတဲ့ သဘောတရားဆီ ကူးပြောင်းမယ်လို့ ကာနဲလ်က ဆိုပါတယ်။
တိဘက်-နီပေါနယ်စပ် ရေဘေးကြောင့် နီပေါမှာ ကြုံတွေ့ခဲ့တဲ့ ထိခိုက်ပျက်စီးမှု တန်ဖိုးဟာ ဒေါ်လာ ၄ ဘီလီယံနဲ့ ၅ ဘီလီယံကြားလောက် ရှိနိုင်ပြီး အဲဒီ ပမာဏဟာ နီပေါနိုင်ငံ GDP တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းလောက်နဲ့ ညီမျှကြောင်း ဘဏ္ဍာရေးဝန်ကြီး ဆွာနင် ဝါဂလေက သုံးသပ် ပြောကြားထားပါတယ်။
ကိုးကား: India Today


















































