အီရန်က မင်္ဂလာဆောင် တစ်ခုကို အမေရိကန်ဒုံးကျည် ထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်တို့ကြား တစ်လလောက် ငြိမ်သက်နေခဲ့တဲ့ တိုက်ခိုက်မှုတွေ ပြန်စခဲ့တဲ့နောက် စက်တင်ဘာ ၁ ရက်နေ့က အီရန်တောင်ပိုင်းက မင်္ဂလာပွဲ အခမ်းအနား တစ်ခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး အရပ်သားတွေ ထိခိုက် သေဆုံးခဲ့ကြောင်း အီရန် မီဒီယာတွေနဲ့ အီရန် လခြမ်းနီ အသင်းက ဖော်ပြခဲ့ပါတယ်။
မင်္ဂလာပွဲ ကျင်းပနေတဲ့ အိမ်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုဟာ လမ်းကြောင်းချော်ပြီး ကျဆင်းလာတဲ့ ဒုံးကျည်၊ ဒရုန်းတွေကြောင့် မဖြစ်နိုင်ဘဲ အမေရိကန်က ပစ်ခတ်လိုက်တဲ့ ခဲယမ်းတစ်ခုခု တိုက်ရိုက် ထိမှန်တာကြောင့်လို့ စစ်ရေး သုတေသီတွေက သုံးသပ်နေပါတယ်။ ဒါဟာ အခင်းဖြစ်တဲ့ နေရာက အပျက်အစီး မှတ်တမ်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အခြေခံထားတဲ့ ယူဆချက် ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်မှာ ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး အသက် ၂၀ ကျော် မိန်းကလေး ၁ ဦးကတော့ ဆေးရုံမှာ ထပ်မံကွယ်လွန်ခဲ့ပါတယ်။ ပြီးတော့ လူပေါင်း ၇၀ လောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။

Public Service Announcement
အီရန်က စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)ကတော့ ဆီရစ်ခ်က မင်္ဂလာဆောင်အိမ်ကို အမေရိကန်က တိုက်ခိုက်ခဲ့ကြောင်း သတင်းတွေကို အစောပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။ အမေရိကန် စစ်တပ်ဟာ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) မဟုတ်သလို အရပ်သား ဧရိယာတွေကို တမင် ရည်ရွယ် တိုက်ခိုက်တာမျိုး လုံးဝ မလုပ်ကြောင်း CENTCOMရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။
ဒါပေမဲ့ စက်တင်ဘာ ၃ ရက်နေ့မှာတော့ ဗန့်စ်က အီရန်ဖက်က စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ ပြန်လည် ဆန်းစစ် လေ့လာနေကြောင်း သတင်းထောက်တွေဆီ အသိပေးခဲ့ပါတယ်။
အမေရိကန်ဟာ ဒီကိစ္စကို သေချာ စုံစမ်းနေကြောင်း၊ တကယ်ပဲ အဲဒီလို ကိစ္စမျိုး ရှိခဲ့သလား ဆိုတာကို အမေရိကန်က သိချင်သလို အလေးထား စစ်ဆေးနေကြောင်း၊ သေချာတာကတော့ အမေရိကန် စစ်တပ်ဟာ အမှားတစ်ခုခု ကျူးလွန်မိရင်တောင် သင်ခန်းစာယူပြီး နောင်တစ်ချိန်မှာ မမှားအောင်၊ ပိုကောင်းလာအောင် ပြင်ဆင်ကြောင်း၊ ဒါက အမေရိကန်နဲ့ အီရန်ကြားက အဓိက ကွာခြားချက်လည်းဖြစ်ကြောင်း ဗန့်စ်က ပြောကြားသွားပါတယ်။
အမည်မဖော်လိုတဲ့ အမေရိကန် စစ်ဘက် အရာရှိ တစ်ဦးကတော့ လက်ရှိ စုံစမ်းမှုတွေဟာ မင်္ဂလာဆောင်ကို အမေရိကန် ဒုံးကျည် ထိမှန်ခဲ့သလား၊ ဒါမှမဟုတ် အီရန်ရဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်တစ်စင်းက လမ်းချော်ပြီး ဒါမှမဟုတ် တိုက်ရိုက်ဖြစ်စေ ထိမှန်ခဲ့သလား ဆိုတာတွေကို ကွဲကွဲပြားပြား သိနိုင်ဖို့ ရည်ရွယ်ထားကြောင်း ဆိုပါတယ်။
Reuters သတင်းဌာနနဲ့ အင်တာဗျူး လုပ်ခဲ့တဲ့ လက်နက်ပါရဂူ ၄ ဦးကတော့ အပျက်အစီး နေရာဟာ တိတိကျကျ ချိန်ရွယ် ပစ်ခတ် ခံထားရတဲ့ အခြေအနေမျိုးလို့ တညီတညွတ်တည်း သုံးသပ်ပြီး ဒုံးကျည်တစ်စင်း လမ်းချော်ကျရောက်လာတာမျိုး ဖြစ်နိုင်ခြေကို ပယ်ချထားပါတယ်။ အဲဒီထဲက ၃ ယောက်ကတော့ ပေါက်ကွဲမှုဟာ အီရန်ရဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည် တစ်စင်းထက် အမေရိကန် စစ်လက်နက်ကြောင့် ဖြစ်ခဲ့တာလို့ ယူဆရကြောင်း ပြောပါတယ်။ အဖြစ်နိုင်ဆုံး အဖြေကတော့ အမေရိကန် ဒုံးကျည်ဟာ ရည်မှန်းပစ်မှတ်ကို လွဲသွားပြီး မင်္ဂလာဆောင်ကို တည့်တည့်ကြီး ထိမှန်ခဲ့တာ ဖြစ်နိုင်ကြောင်း အဲဒီပညာရှင်တွေက သုံးသပ်ခဲ့ပါတယ်။
အခုသီတင်းပတ်ထဲမှာ အမေရိကန်နဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ပြန်လည်စတင်လာတဲ့နောက် အမေရိကန် လက်ချက်ကြောင့် ရေတပ်သားတွေ အပါအဝင် သေဆုံးသူ ၁၈ ဦးထက်မနည်း ရှိခဲ့ကြောင်း အီရန်က စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာလည်း အီရန်ဟာ အီရတ်၊ ဂျော်ဒန်၊ ကာတာ၊ ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတွေထဲက အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။
ကိုးကား: Reuters

















































