Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် အထူးကိုယ်စားလှယ် အဖွဲ့ကို ပူတင် တွေ့ဆုံဆွေးနွေး

ယူကရိန်းစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ယူကရိန်းစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်က ထုတ်ပြန်တဲ့ ဗီဒီယိုတွေထဲမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခန့်အပ်တဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်၊ ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျရတ် ကူရှ်နာတို့ကို ပူတင်က တွေ့ဆုံ နှုတ်ဆက်နေတာကို တွေ့ရပါတယ်။

စက်တင်ဘာ ၅ ရက်၊ မော်စကိုမြို့တော်မှာ တွေ့ဆုံရာမှာတော့ ပူတင်က လက်ရှိ စစ်ပွဲရဲ့ အခြေအနေက လိုအပ်သလို ကိုင်တွယ်ဖြေရှင်းဖို့ သိပ်မလွယ်ဘူးလို့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဆီ မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ပြီး ယူကရိန်းနဲ့ ရုရှားတို့ကြား နှစ်နိုင်ငံ မြို့တော်တွေဆီ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ၃ ရက်ကြာ ရပ်တန့်ပေးထားဖို့ သဘောတူခဲ့တဲ့အတွက် ဝစ်ကော့ဖ်က ပူတင်ကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ စက်တင်ဘာ ၆ ရက်နေ့မှာတော့ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ဆီကို ဆက်လက် ထွက်ခွာမှာပါ။

Public Service Announcement

Public Service Announcement

ထရမ့်ကတော့ ဝစ်ကော့ဖ်နဲ့ ကူရှ်နာတို့ဟာ စစ်ရပ်စဲရေး အဆိုပြုချက် တစ်ခုကိုလည်း တစ်ပါတည်း ယူဆောင်သွားခဲ့ကြောင်း ဆိုပါတယ်။ ထရမ့်က အိမ်ဖြူတော်ကို ဒုတိယအကြိမ် ပြန်လည် ရောက်ရှိလာတဲ့နောက်ပိုင်း ယူကရိန်းစစ်ပွဲ ရပ်စဲရေးအတွက် ကြားဝင်စေ့စပ် ညှိနှိုင်းပေးနေပေမယ့် လက်ရှိ အချိန်ထိတော့ အောင်မြင်တဲ့ ရလဒ်တစ်ခုခု ထွက်ပေါ်မလာသေးပါဘူး။ ပြီးတော့ အမေရိကန်နဲ့ အီရန်တို့ စစ်ပွဲဖြစ်ပွားခဲ့တဲ့ အတောအတွင်း ယူကရိန်း စစ်ရပ်စဲရေးကိစ္စ အမေရိကန်ရဲ့ အားထုတ်မှုတွေလည်း အချိန်ကာလ တစ်ခုထိ ရပ်တန့်နေခဲ့ပါသေးတယ်။

ကရင်မလင် နန်းတော်မှာ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို လက်ခံတွေ့ဆုံချိန်မှာတော့ ပူတင်က ငြိမ်းချမ်းရေးအတွက် ကြားဝင် ကူညီပေးချင်တဲ့ ထရမ့်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ရဲ့ အခုလို ခရီးစဉ်မျိုးဟာ ဘယ်တော့မှ အကျိုးယုတ်မှာ မဟုတ်ဘူးလို့လည်း ပူတင်က ဆိုပါတယ်။

ပြီးတော့ အမေရိကန်ရဲ့ အားထုတ်မှုတွေနဲ့ ပတ်သက်ပြီး ရုရှားဖက်က ကြီးကြီးမားမား ယုံကြည်မှု ထားရှိကြောင်းလည်း ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။ ဆွေးနွေးမှုတွေကိုတော့ တံခါးပိတ် ပြုလုပ်ခဲ့ပြီး သုံးနာရီလောက် ကြာမြင့်ခဲ့တယ်လို့ ရုရှား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာသေးပေမယ့် ပူတင်ရဲ့ အနီးကပ် အကြံပေးဖြစ်သူ ယူရီ အူရှာကော့ဗ်က အပြုသဘောဆောင်ပြီး အထူးပွင့်လင်းမှု ရှိခဲ့ကြောင်း၊ ယူကရိန်းစစ်ပွဲ ရပ်စဲရေး ကိစ္စချည်း သက်သက်တင် မဟုတ်ဘဲ ရုရှား-အမေရိကန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာတွေနဲ့ ပတ်သက်လို့လည်း နှစ်ဖက်ကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းထောက်တွေဆီ ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဆောင်းပါး

ထားဝယ်အထူးစီးပွားရေးဇုန်ထဲက စစ်ရာဇဝတ်မှုများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကာဂျစ္စတန် နိုင်ငံမှာ အစည်းအဝေးတက်ရင်း တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။