တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။
အာရှတောင်ပိုင်းမှာ တည်ရှိပြီး လူပေါင်း သန်း ၃၀ လောက် နေထိုင်တဲ့ နီပေါမှာ ဟိန္ဒူဘာသာဝင် အများစု နေထိုင်ကြပါတယ်။ စက်တင်ဘာ ၇ ရက်နေ့ဟာ ဟိန္ဒူ ဓလေ့တွေအရ ကွယ်လွန်သူတွေအတွက် ရည်စူးတဲ့ ကြေကွဲဝမ်းနည်းမှု ၁၃ ရက်တာကာလ နောက်ဆုံးနေ့လည်း ဖြစ်ပါတယ်။ အစိုးရက အဲဒီနေ့ကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှုကို ပြသတဲ့ နေ့အဖြစ် သတ်မှတ်ခဲ့တာပါ။
စက်တင်ဘာ ၇ ရက်နေ့မှာတော့ နီပေါအနှံ့မှာ နိုင်ငံတော် အလံတွေကို တိုင်တစ်ဝက် နှိမ့်ချလွှင့်ထူပြီး ဝမ်းနည်းကြေကွဲမှုကို ပြသဖို့ အစိုးရက ညွှန်ကြားထားပါတယ်။ ပြီးတော့ ကိုးကွယ်ယုံကြည်မှုနဲ့အညီ ကွယ်လွန်သူတွေအတွက် ရည်စူးပြီး အလှူအတန်းနဲ့ ကုသိုလ်ပြုတဲ့ အစီအစဉ်တွေကိုလည်း လုပ်ဆောင်ကြပါတယ်။
ဩဂုတ် ၂၆ ရက် မနက်ပိုင်းတုန်းက တိဘက်-နီပေါ နယ်စပ်၊ ဟိမဝန္တာတောင်ခြေဒေသတွေမှာ ရေခဲမြစ် ကျိုးပျက်မှု တစ်ခုကြောင့် ရုတ်တရက် ရေကြီးပြီး ကျေးရွာတွေကို ပမာဏ များပြားလှတဲ့ ရေတွေ၊ ကျောက်တုံးကျောက်ခဲတွေ၊ ရွှံ့နွံတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။

Public Service Announcement
အဲဒီ ရုတ်တရက် ကျရောက်လာတဲ့ ကပ်ဘေးကြီးကြောင့် နီပေါမှာ ၁၃၄၂ ဦးထက်မနည်း သေဆုံးပြီး ၄၈၈၆ ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ တိဘက်မှာတော့ အလောင်း ၄၃ လောင်း ရှာတွေ့ထားပြီး ၅၁၉ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
နီပေါမှာတော့ ရုတ်တရက် ဝင်ရောက်လာတဲ့ ရေလုံးကြီးတွေ စီးဆင်းသွားအပြီး ရွှံ့နွံတွေဖုံးလို့ ရွာလုံးကျွတ် ပျောက်ကွယ်သွားတာတွေ ကြုံခဲ့ရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အခုအခါမှာတော့ ရွှံ့တွေအောက် ပိတ်မိနေသူတွေအတွက် မျှော်လင့်ချက် မရှိတော့ဘူးလို့ ဆုံးဖြတ်ပြီး ဒေသတွင်းက ရေအားလျှပ်စစ် ထုတ်လုပ်မှု စက်ရုံတွေရဲ့ ဥမင်တွေကို အဓိက အာရုံစိုက် ရှာဖွေနေပါတယ်။ အဲဒီနေရာတွေမှာ အသက်ရှင်သူတွေ ကျန်နေနိုင်တယ်ဆိုတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ယူဆထားပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ကို နိုင်ငံတော်အဆင့် ကြေကွဲဝမ်းနည်းမှု နေ့ရက်လို့ သတ်မှတ်ပေမယ့် အစိုးရက ဦးဆောင်ပြီး အောက်မေ့မှု အခမ်းအနားတွေ ကျင်းပတာမျိုးတော့ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေပေမယ့် ပမာဏ တိုးချဲ့သွားမှာ မဟုတ်ကြောင်း အမျိုးသား အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးစင်တာ အကြီးအကဲ ဖန်နင်ဒရာ ပေါ်ဒဲလ်က ပြောကြားသွားပါတယ်။
နီပေါသမ္မတ ရမ်ချန်ဒရာ ပေါ်ဒဲလ်ဟာ စက်တင်ဘာ ၇ ရက်နေ့မှာတော့ ရေဘေးသင့် ဒေသတွေကို သွားရောက်ခဲ့သလို ကယ်ဆယ်ရေး အဖွဲ့တွေနဲ့လည်း စကားပြောခဲ့ပါတယ်။ ရေဘေးကို အဆိုးဆုံး သက်ရောက် ခံစားခဲ့ရတဲ့ ခရိုင်နှစ်ခုထဲမှာ ပါဝင်တဲ့ နူဝါကော့ခရိုင်ထဲက အကျဉ်းထောင်မှာတော့ ထောင်အာဏာပိုင်တွေက အကျဉ်းသား ၉၂၃ ဦးကို အမြင့်ပိုင်းဆီ အချိန်မီ ရွှေ့ပြောင်းစေပြီး အသက်ဘေးက လွတ်မြောက်စေခဲ့ကြောင်း ဝန်ကြီးချုပ် ဘာလန်ဒရာ ရှားက လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။
နောက်ပြီး ရေကြီးလို့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေချိန်မှာ ထောင်နံရံတွေကို ကျော်ပြီး ထွက်ပြေးသူ အကျဉ်းသား ၅၀ လောက်ဟာလည်း မီတာ ၁၀၀ လောက် အကွာမှာတင် ရေစီးမှုတွေကြောင့် လမ်းပိတ်သွားပြီး ပြန်အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။
ကိုးကား: Reuters


















































