တရုတ်ကို ဂျပန်အတွက် အရေးပါတဲ့ အိမ်နီးချင်းအဖြစ် မှတ်ယူထားကြောင်း ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။ သူက အရှေ့အာရှ အင်အားကြီး ပြိုင်ဘက် နှစ်နိုင်ငံကြားမှာ တည်ငြိမ်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက ဂျပန်မှာ တကအိချိ ဝန်ကြီးချုပ် ဖြစ်လာတုန်းက တရုတ်သာ ထိုင်ဝမ်ကျွန်းကို စစ်တိုက်ခဲ့မယ်ဆိုရင် ဂျပန်ကလည်း ထိုင်ဝမ်ဖက်က ကူညီစွက်ဖက်ရလိမ့်မယ်ဆိုတဲ့ မှတ်ချက်စကားမျိုး ပြောခဲ့တဲ့နောက် တရုတ် အစိုးရက ခါးခါးသီးသီး တုံ့ပြန်ခဲ့ပြီး တရုတ်-ဂျပန် ဆက်ဆံရေးမှာ တင်းမာမှုတွေ ရှိနေပါတယ်။
အောက်တိုဘာ ၅ ရက်နေ့၊ လွှတ်တော် မိန့်ခွန်းမှာတော့ တကအိချိက တရုတ်နဲ့ ပတ်သက်လို့ သဘောထား ပျော့ပျောင်းတဲ့ မှတ်ချက်မျိုး ပေးသွားခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဟာ အရေးကြီးတဲ့ အိမ်နီးချင်း နိုင်ငံတစ်ခု ဖြစ်ကြောင်း၊ ခက်ခဲတဲ့ အခြေအနေတွေ ရှိပေမယ့် တရုတ်နဲ့ ဂျပန်တို့ဟာ နှစ်ပေါင်းများစွာ တည်တံ့တဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်ခဲ့ကြကြောင်း တကအိချိက ဆိုပါတယ်။
တူတူညီညီ ကြုံတွေ့နေတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆက်လက် မျှဝေ ကိုင်တွယ်ကြဖို့၊ အမျိုးသား လုံခြုံရေးအတွက် အာမခံချက် ပေးနိုင်မယ့် ဆွေးနွေးမှုတွေကို အားပေး မြှင့်တင်ဖို့၊ အပြုသဘောဆောင်ပြီး တည်ငြိမ်တဲ့ ဆက်ဆံရေးမျိုး ထူထောင်နိုင်ဖို့ ဂျပန်က ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

Public Service Announcement
တစ်ချိန်တည်းမှာပဲ ဂျပန်ဟာ နိုင်ငံရဲ့ ရပ်တည်မှု မူဝါဒတွေကို မမှိတ်မသုန် ဆက်လက် ဆွဲကိုင်ထားမှာဖြစ်ပြီး ကိစ္စ အသီးသီးအတွက် တာဝန်ယူမှု တာဝန်ခံမှုကို တောင်းဆိုကြောင်းလည်း တကအိချိက ဆိုပါတယ်။
လွှတ်တော် မိန့်ခွန်းမှာတော့ တကအိချိက သူ့ရဲ့ အစိုးရဟာ ဂျပန်ရဲ့ လူဦးရေ ယုတ်လျော့ ကျဆင်းမှု ပြဿနာကို ဖြေရှင်းဖို့ အစီအမံ မူကြမ်းတစ်ခု ရေးဆွဲသွားမယ်လို့လည်း ထည့်ပြောခဲ့ပါတယ်။ အဲဒီ ကိစ္စဟာ နိုင်ငံအတွက် အသံတိတ် အကျပ်အတည်း တစ်ခု ဖြစ်လာနေတယ်လို့လည်း ဝန်ကြီးချုပ်က မှတ်ချက်ပေးခဲ့ပါတယ်။
ဝန်ကြီးချုပ်သက်တမ်း တစ်နှစ်ဝန်းကျင်လောက် အကြာမှာ အားကောင်းတဲ့ လူထုထောက်ခံမှုကို ဆက်လက် ရရှိနေဆဲ ဖြစ်ပေမယ့် တကအိချိဟာ ငွေကြေးဖောင်းပွမှု၊ စျေးကွက် စိုးရိမ်မှု အခြေအနေတွေနဲ့ အစိုးရ ကြွေးမြီ ပြဿနာတွေ အပါအဝင် ကွဲပြားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲပါပဲ။ တရုတ်နဲ့ သံတမန်ရေး တင်းမာမှုကလည်း တကအိချိအတွက် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖို့ လိုအပ်တဲ့ ပြဿနာ တစ်ခုအဖြစ် ရှိနေတယ်လို့ နိုင်ငံရေး သုတေသီတွေက မှတ်ချက်ပေးထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဟာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း တကိရှိ အီဝါယာ ဦးဆောင်တဲ့ ကုန်သွယ်ရေး ညှိနှိုင်းမှု ကိုယ်စားလှယ် အဖွဲ့ကို ဘေဂျင်းမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဝမ်က ဂျပန်ဟာ တရုတ်နဲ့ ဆက်ဆံရေးကို ပုံမှန် အခြေအနေ ပြန်လည် ရောက်ရှိစေဖို့ စောင့်ဆိုင်းနေကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား: CNA



















































