ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ နှစ်ဖက် လေယာဉ်တွေချင်း ငြိခဲ့ကြတဲ့ ကိစ္စအတွက် တရုတ်နဲ့ ဖိလစ်ပိုင်တို့က အပြန်အလှန် စွပ်စွဲ ပြစ်တင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ တောင်တရုတ်ပင်လယ် ရေပြင်ထဲကို ဖိလစ်ပိုင် ကင်းထောက်လေယာဉ် တစ်စီးက လေပိုင်နက် ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ တရုတ်က ပြောပါတယ်။ ဖိလစ်ပိုင် အနေနဲ့ အခုလိုမျိုး ရန်စလှုံ့ဆော်တဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်သင့်တယ်လို့လည်း အောက်တိုဘာ ၅ ရက်နေ့တုန်းက တရုတ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်တစ်ခုလုံးနီးပါးကို ပိုင်နက်အဖြစ် သတ်မှတ် ကြေညာထားတာကြောင့် ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတချို့နဲ့ အငြင်းအခုံတွေ ရှိနေပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ဖိလစ်ပိုင်ကြား အငြင်းပွားမှုတွေကတော့ အပြင်းထန်ဆုံး အခြေအနေ ဖြစ်နေပါတယ်။
ဒါပေမဲ့ ဖိလစ်ပိုင် စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ အောက်တိုဘာ ၃ ရက်နေ့တုန်းက စကားဘရော့ ကမ်းဝေးသောင်ခုံကျွန်းတွေနားမှာ Cessna 208 အမျိုးအစား လေယာဉ်ငယ်လေးက ပုံမှန် ရေကြောင်းကင်းထောက် ပျံသန်းမှု လုပ်ဆောင်နေတုန်း တရုတ် တိုက်လေယာဉ် တစ်စီးက အနှောင့်အယှက် ပေးခဲ့တာလို့ ပါရှိခဲ့ပါတယ်။

Public Service Announcement
J-16 တိုက်လေယာဉ်ဟာ Cessna လေယာဉ်ငယ်လေးနားကို အရပ်မျက်နှာ ပေါင်းစုံကနေ ချဉ်းကပ်ပျံသန်းပြီး အမျိုးမျိုး နှောင့်ယှက်ခဲ့ကြောင်း၊ ဒါပေမဲ့ ဖိလစ်ပိုင် အစိုးရရဲ့ လေယာဉ်ဟာ ရည်ရွယ်ထားတဲ့ ကင်းထောက်ပျံသန်းမှု မစ်ရှင်ကို ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်က ကြေညာပါတယ်။
တရုတ်ရဲ့ လုပ်ရပ်ဟာ စည်းမျဉ်းဥပဒေတွေနဲ့အညီ တာဝန်ထမ်းဆောင်နေတဲ့ ဖိလစ်ပိုင် အစိုးရ လေယာဉ်တစ်စီးကို ဘေးမကင်းတဲ့၊ အတင်းအကျပ် ဖိအားပေးတဲ့ နှောင့်ယှက်မှုမျိုး ဖြစ်တယ်လို့လည်း ဖိလစ်ပိုင်က စွပ်စွဲခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ဖက်က ထုတ်ပြန်ချက်မှာတော့ တရုတ်ရဲ့ လေတပ်နဲ့ ရေတပ်ဟာ ဖိလစ်ပိုင် လေယာဉ်ရဲ့ လမ်းကြောင်းကို ခြေရာခံ စောင့်ကြည့်ခဲ့ပြီး နိုင်ငံတကာ သတ်မှတ် ဥပဒေ စည်းမျဉ်းတွေနဲ့အညီ နှင်ထုတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
တောင်တရုတ်ပင်လယ် ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင်တို့ကြား ခါးသီး တင်းမာတဲ့ ထိပ်တိုက်တွေ့မှုတွေ အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်တုန်းကလည်း စပရတ်လေစ် ကျွန်းစုနားမှာ ငါးဖမ်းနေတဲ့ ဖိလစ်ပိုင် တံငါလှေတွေဆီကို ရိက္ခာနဲ့ လောင်စာဆီတွေ သွားပို့တဲ့ ဖိလစ်ပိုင် ငါးလုပ်ငန်း ဦးစီးဌာန ရေယာဉ်တစ်စီးကို တရုတ် ကမ်းခြေစောင့် သင်္ဘောက တမင်ဝင်တိုက်ခဲ့ကြောင်း ဖိလစ်ပိုင်က စွပ်စွဲခဲ့ပါတယ်။ တရုတ်ကတော့ ဖိလစ်ပိုင် ရေယာဉ်ကသာ လမ်းကြောင်းပိတ်ဆို့ မောင်းနှင်ခဲ့တာလို့ တုံ့ပြန်ပြီး ဖြစ်ရပ်အတွက် အပြည့်အဝ တာဝန်ယူသင့်ကြောင်း ဝေဖန်သွားပါတယ်။
ကိုးကား: AFP



















































