Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆိုက်ဘေးရီးယားမှာ ပလိပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေ စတင်ကျင့်သုံးနေကြောင်း သတင်းတွေကို ရုရှားငြင်းဆို

ဆိုက်ဘေးရီးယား ဒေသမှာ ပလိပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေ ကျင့်သုံးနေရတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ ရုရှားက ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - AFP

ဆိုက်ဘေးရီးယား ဒေသမှာ ပလိပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေ ကျင့်သုံးနေရတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ ရုရှားက ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ခွဲခန်း မတော်တဆမှု တစ်ခုနဲ့ ဆက်စပ်ပြီး ဓာတ်ခွဲကျွမ်းကျင် အမျိုးသမီး ဝန်ထမ်းတစ်ဦး အဆုတ်ရောင် ပလိပ်ရောဂါ ကူးစက်ခံရလို့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ရုရှားက အခုလို တုံ့ပြန်ခဲ့တာပါ။

စက်တင်ဘာ လကုန်ပိုင်းတုန်းက ဆိုက်ဘေးရီးယားရဲ့ အာရ်ကတ်ဇ် ဒေသမှာရှိတဲ့ ပလိပ်ဓာတ်ခွဲခန်း တစ်ခုမှာ ရောဂါပိုးပါတဲ့ ဖန်ပြွန်တစ်ခု ကျကွဲပြီး ဝန်ထမ်းတစ်ဦး ရောဂါ ကူးစက်ခံရကြောင်း၊ လဆန်းပိုင်းမှာတော့ အဲဒီအမျိုးသမီး သေဆုံးသွားကြောင်း သတင်းတွေ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

ရုရှားကတော့ ဓာတ်ခွဲကျွမ်းကျင် ပညာရှင် သေဆုံးမှုဟာ ပလိပ်ရောဂါကြောင့်လို့ တိတိကျကျ အတည်မပြုသေးပါဘူး။ ဒါပေမဲ့ သူနဲ့ အနီးကပ် ထိတွေ့မိတဲ့ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ စုစုပေါင်း ၂၀၀ ဝန်းကျင်လောက်ကိုတော့ သီးသန့်ခွဲခြား စောင့်ကြည့်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရကလည်း ရုရှားအနေနဲ့ ဖြစ်စဉ်ကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ဖို့ တိုက်တွန်းထားသလို လိုအပ်တဲ့ အကူအညီတွေ ပေးအပ်လိုကြောင်း ကမ်းလှမ်းထားပါတယ်။

ဒါပေမဲ့ အောက်တိုဘာ ၆ ရက်နေ့မှာတော့ ရုရှားရဲ့ ရောဂါထိန်းချုပ်ရေး ဌာနက အာရ်ကတ်ဇ်မှာ ပလိပ်ရောဂါ ထိန်းချုပ်ရေး အရေးပေါ် အစီအမံတွေ စတင်ကျင့်သုံးနေပြီဆိုတဲ့ သတင်းတွေကို ငြင်းဆိုသွားခဲ့ပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာတွေဟာ တရားဝင် အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်တွေ မဟုတ်သလို မှန်လည်း မမှန်ဘူးလို့ ဌာနက ဆိုပါတယ်။ ဓာတ်ခွဲခန်းဝန်ထမ်း သေဆုံးရတဲ့ အကြောင်းရင်းကိုလည်း လက်ရှိ အချိန်ထိ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

ဓာတ်ခွဲခန်း အနီးတဝိုက်က ကျောင်းတွေ၊ ရုံးတွေမှာ နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားကြောင်း သတင်းတွေက ဖော်ပြနေပေမယ့် အာရ်ကတ်ဇ်မှာ ပလိပ်ရောဂါ တားဆီးရေး အစီအမံမျိုးတွေ သီးခြားကျင့်သုံးနေတာတော့ မရှိဘူးလို့ အာဏာပိုင်တွေက ဆိုပါတယ်။

မီဒီယာ တချို့ကတော့ အမျိုးသမီးရဲ့ သေဆုံးမှုဟာ ဓာတ်ခွဲခန်း မတော်တဆမှုနဲ့ ပတ်သက် ဆက်နွှယ်နိုင်တယ်လို့ ဖော်ပြနေပါတယ်။

အာရ်ကတ်ဇ်ဒေသ အုပ်ချုပ်ရေးမှူး အီဂေါ် ကော့ဘ်ဇက်ဗ်က ကွယ်လွန်သူ အမျိုးသမီးငယ်ဆီက ရရှိတဲ့ ဇီဝဆိုင်ရာ နမူနာတွေထဲမှာ သူ့အလုပ်နဲ့ ဆက်စပ်တဲ့ အနုဇီဝ ပိုးမွှားမျိုးတွေ မတွေ့ရဘူးလို့ ပြောကြားခဲ့ပါတယ်။

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ရုရှားနဲ့ ဆက်သွယ်ပြီး သတင်းအချက်အလက်တွေ ရယူနေတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း အောက်တိုဘာ ၆ ရက်နေ့က ရရှိထားတဲ့ နောက်ဆုံး မှတ်တမ်းတွေအရ လူထုကျမ်းမာရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်လာနိုင်ခြေ နည်းတယ်လို့ မှတ်ချက်ပေးထားပါတယ်။ ဒါပေမဲ့ အခုကိစ္စကို WHO အနေနဲ့ လုံးဝ ပေါ့ဆမှု မရှိဘဲ အနီးကပ် စောင့်ကြည့်နေသလို ဓာတ်ခွဲရလဒ် စစ်ဆေးချက်တွေကိုပါ လေ့လာနေတယ်လို့ ဆိုပါတယ်။

ဘက်တီးရီးယား ပိုးမွှားကြောင့် ဖြစ်ပွားတဲ့ ပလိပ်ရောဂါမှာ ပုံစံတချို့လည်း ရှိပါတယ်။ လက်ရှိ ဆိုက်ဘေးရီးယားမှာ စိုးရိမ်နေတဲ့ အမျိုးအစားကတော့ အဆုတ်ရောင် ပလိပ်ရောဂါ ဖြစ်ပါတယ်။ ပလိပ်ရောဂါတွေထဲမှာ ကူးစက်နှုန်း အမြန်ဆုံးတွေထဲက တစ်ခုဖြစ်ပြီး လေထဲကနေ ကူးစက်နိုင်ပါတယ်။ သင့်တော်တဲ့ ကုထုံးကို စောစောစီးစီး မခံယူဘူးဆိုရင် အဆုတ်ရောင် ပလိပ်ရောဂါဟာ အဆုတ်ကို ပျက်စီးစေပြီး အသက်အန္တရာယ် ပေးနိုင်ကြောင်း WHOက ပြောကြားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ ပေးပို့တဲ့ မွေးနေ့ ဆုမွန်ကောင်းတောင်း သဝဏ်လွှာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက သူ့ရဲ့ အစိုးရဟာ ရုရှားကို မယိမ်းမယိုင် ဆက်လက် အားပေး ထောက်ခံနေမယ်လို့ ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ မြန်နှုန်းအမြင့်ဆုံး ပျံသန်းနိုင်တဲ့ ဖောက်ခွဲရေး ဒရုန်းကို ယူကရိန်းရဲ့ မြေပြင်အခြေစိုက် အလိုအလျောက် စနစ်သုံး လေကြောင်းကာကွယ်ရေး စက်သေနတ်က ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားမှာ ဓာတ်ခွဲခန်း မတော်တဆမှု တစ်ခုကနေ အဆုတ်ရောင် ပလိပ်ရောဂါနဲ့ သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုကို အထူး ဂရုစိုက် စောင့်ကြည့်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

ဂျာမနီ အစိုးရ အဓိပတိ ရောက်ရှိချိန်မှာတောင် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့နေခဲ့ရကြောင်း သိရပါတယ်။

Facebook