အီရန် စစ်ပွဲရဲ့ ဂယက်ကြောင့် ဥရောပမှာ ဖြန့်ကျက်ထားတဲ့ Patriot လေကြောင်းကာကွယ်ရေး စနစ်တွေအတွက် ဒုံးခွင်းဒုံးတွေ စိုးရိမ်စရာ အဆင့်မျိုးထိ လျော့နည်းလာတာကို အမေရိကန် စစ်တပ်က ကြုံတွေ့နေကြောင်း သိရပါတယ်။
Patriotတွေဟာ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုစ်ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်အောင် တီထွင်ထားတဲ့ အစွမ်းအထက်ဆုံး လေကြောင်းကာကွယ်ရေး စစ်လက်နက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ စနစ်အတွက် အသုံးပြုတဲ့ ဒုံးခွင်းဒုံး အများစုကို အီရန်စစ်ပွဲမှာ အမေရိကန်က အသုံးပြုခဲ့ပြီး အလျင်မီအောင် ပြန်မဖြည့်တင်းနိုင်သေးပါဘူး။
ဒါကြောင့်လည်း ဥရောပမှာ ဖြန့်ကျက်ထားတဲ့ Patriotတွေအတွက် ခဲယမ်းလိုအပ်ချက်ဟာ စိုးရိမ်သင့်ပါတယ်ဆိုတဲ့ အဆင့်ထက်တောင် ကျော်လွန်ပြီး ကြီးထွားလာနေကြောင်း ဥရောပနဲ့ NATOဆိုင်ရာ အမေရိကန် ကာကွယ်ရေး အရာရှိ တစ်ဦးက APသတင်းဌာနဆီ အတည်ပြု ပြောဆိုသွားပါတယ်။
ဥရောပအပေါ် ရုရှားရဲ့ ခြိမ်းခြောက်မှုတွေ ပိုပြီး ထင်သာမြင်သာ ရှိလာချိန်မှာ အခုပြဿနာဟာ NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကာကွယ်ရေး အစီအမံတွေအတွက် ပျော့ကွက်ကြီး ဖြစ်လာနိုင်ပါတယ်။

Public Service Announcement
အမည်ဖော်မပြတဲ့ အဲဒီ အမေရိကန် ကာကွယ်ရေး အရာရှိကတော့ တခြား အမေရိကန် ခဲယမ်းတွေ လျော့ကျမှုတွေပါ ရှိနေတဲ့တိုင် ဥရောပအတွက် အစိုးရိမ်ဆုံးကတော့ Patriot ဒုံးခွင်းဒုံးတွေ ပြတ်လပ်လာမှု ဖြစ်တယ်လို့လည်း ပြောပါတယ်။ Patriotတွေဟာ ရုရှားရဲ့ မြန်နှုန်းမြင့် ပဲ့ထိန်းဒုံးကျည်တွေကို ထိထိရောက်ရောက် ကြားဖြတ် ပစ်ချနိုင်စွမ်း ရှိပါတယ်။
NATOကလည်း ဥရောပမှာရှိတဲ့ အမေရိကန်နဲ့ NATOပိုင် Patriot စနစ်တွေမှာ ဒုံးခွင်းဒုံးတွေ လျော့နည်းလာနေတာကို ဝန်ခံထားပါတယ်။
အီရန်စစ်ပွဲကြောင့် Patriot ဒုံးခွင်းဒုံးတွေ လျော့ပါးသွားတဲ့ဒဏ်ကို လက်တွေ့ အကျဆုံး အပြင်းအထန် ခံစားနေရတာကတော့ ယူကရိန်း နိုင်ငံပါပဲ။ ယူကရိန်းမှာ အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေက ကူညီပေးပို့ထားတဲ့ Patroit လေကြောင်းကာကွယ်ရေး စနစ်တွေ ပိုင်ဆိုင်ထားပေမယ့် ထည့်သွင်းပစ်ခတ်ဖို့ ဒုံးခွင်းဒုံးတွေ မရှိပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားဖက်က အရှိန်မြှင့်လာတဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကို တန်ပြန်နိုင်စွမ်း မရှိဘဲ ယူကရိန်းမှာ ထိခိုက်ပျက်စီးမှုတွေ များပြားနေပါတယ်။ ယူကရိန်း အစိုးရက ဒုံးခွင်းဒုံးတွေ တိုးမြှင့်ရရှိရေး တောင်းဆိုနေပေမယ့် အမေရိကန် ကိုယ်တိုင်က ပြတ်လပ်မှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။
တကယ်လို့ ဥရောပမှာသာ ဒုံးကျည်တိုက်ခိုက်မှုတွေ နှစ်ခုသုံးခု ဆက်တိုက် ကြုံလာမယ်ဆိုရင် ကာကွယ်ပစ်ချဖို့အတွက် အမေရိကန် စစ်တပ်မှာ Patriot ဒုံးခွင်းဒုံးတွေ ကျိန်းသေပေါက် လုံလုံလောက်လောက် မရှိဘူးလို့ သိရပါတယ်။ ပဲ့ထိန်းဒုံးကျည်တစ်စင်းတည်းနဲ့ တိုက်ခိုက်တာမျိုး၊ ဒါမှမဟုတ် ယူကရိန်းဆီ ပစ်ခတ်လိုက်တဲ့ ရုရှားဒုံးကျည်တစ်စင်း ဥရောပဖက် လမ်းချော်လာတာမျိုးကို ကိုင်တွယ်ဖို့တောင် အတော်လေး ရုန်းကန်ရမယ့် အရင်းအမြစ် ပြတ်လပ်မှုတွေ ဥရောပရောက် အမေရိကန် စစ်တပ်က ကြုံတွေ့နေကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိက ဆိုပါတယ်။
NATOရဲ့ စစ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်တဲ့ အမေရိကန် ကြည်းတပ် ဗိုလ်မှူးကြီး မာတင် အိုဒေါနဲလ်ကတော့ ဥရောပမှာ Patriot ဒုံးခွင်းဒုံး အရေအတွက် ဆိုးဆိုးရွားရွား နည်းပါးနေတယ် ဆိုတာကို ငြင်းဆိုသွားပါတယ်။ နောက်ပြီး NATOဟာ ရန်သူ့ ထိုးနှက်ချက်တွေကို တားဆီးဖို့ လုံလောက်တဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေနဲ့ ခဲယမ်းတွေကို ပိုင်ဆိုင်ထားကြောင်း၊ အဲဒီ အရင်းအမြစ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက်သာ မကဘဲ ယူကရိန်းကို ထောက်ပံ့ဖို့ပါ လုံလောက်ကြောင်း သူက ဆိုပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ရုံးစိုက်ရာ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ရှောင်ပါနဲလ်ကလည်း အီရန်စစ်ပွဲကြောင့် အမေရိကန်မှာ ခဲယမ်းမီးကျောက် လျော့ပါးပြတ်လပ်နေတယ်ဆိုတဲ့ သတင်းတွေက မှားယွင်းကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်လ်ထရမ့်က ရွေးချယ် အမိန့်ပေးလိုက်တဲ့ စစ်ဆင်ရေး မှန်သမျှကို လုပ်ဆောင်ဖို့ အမေရိကန် စစ်တပ်မှာ လိုအပ်သမျှ လက်နက်ခဲယမ်းအားလုံး ရှိနေတယ်လို့ ပါနဲလ်က အခိုင်အမာ ပြောကြားသွားပါတယ်။
ကိုးကား: AP


















































