People’s Spring
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တချို့သော တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေးအရ အကြီးအကျယ် အောင်ပွဲခံနိုင်မှုတွေဟာ တချိန်က အနိုင်ယူလို့ မရလောက်ဘူးလို့ အထင်ကြီး ခံခဲ့ရတဲ့ မြန်မာစစ်တပ်ဟာ အခုတော့ ရှုံးနိမ့်မှုတွေဆီ ဦးတည်နေပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။
နေပြည်တော်ထိ ချီတက်ပြီး စစ်အာဏာရှင်ကို အမြစ်ဖြုတ် ချေမှုန်းနိုင်တဲ့ အဆင့်ထိ ရောက်ဖို့တော့ တော်လှန်ရေး အင်အားစုတွေ ဖြတ်သန်းရမယ့် ခရီးက အဝေးကြီး ကျန်နေပါသေးတယ်။ အဆုံးမှာ တော်လှန်ရေး အင်အားစုတွေ ခြွင်းချက်မရှိ အောင်ပွဲခံနိုင်ခဲ့ပြီ ဆိုရင်လည်းပဲ နောက်ဆက်တွဲ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး ရည်မှန်းချက်အတွက် အများကြီး အချိန်ယူရမှာ ဖြစ်သလို နောက်ခံ အခြေအနေနဲ့ အတွေးအမြင် ကွဲပြားတဲ့ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေကြားမှာ ညှိနှိုင်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရပါလိမ့်မယ်။ ပြောရမယ်ဆိုရင် အဲဒီ အင်အားစုတွေကြားမှာ စစ်တပ်ကို ရွံမုန်းတယ်ဆိုတဲ့ အချက်ကလွဲလို့ ဘုံသဘောထား တူညီမှုတွေ သိပ်မရှိကြပါဘူး။
နိုင်ငံအနှံ့က တော်လှန်ရေး အစုအဖွဲ့တွေကလည်း အပြစ်အနာအဆာ လုံးဝကင်းစင်တဲ့ အဖြေတစ်ခု ရနိုင်တဲ့ထိ စောင့်နေကြတာတော့ မဟုတ်ပါဘူး။ ကွဲပြားစုံလင်တဲ့ အင်အားစုတွေကြားမှာ အခြေအနေ ပေးလာသလောက်ကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစား ညှိနှိုင်းနေကြပါတယ်။

Public Service Announcement
အဲဒီလိုပဲ နိုင်ငံတကာ ပံ့ပိုးသူတွေကလည်း ထိုင်စောင့်မနေသင့်တော့ပါဘူး။ မြန်မာ ပြည်သူတွေကို ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက် အနောက်နိုင်ငံတွေရဲ့ အစိုးရတွေ၊ သဘောထား တူညီတဲ့ အင်အားစုတွေဟာ မြန်မာနိုင်ငံဟာ ပြန်ပြီး တစ်သားတည်း စုစည်းဖို့ ခက်ခဲသွားလောက်အောင် အစိတ်စိတ် ပိုင်းခြားသွားနိုင်တယ်ဆိုတဲ့ အရှိတရားကို လက်ခံပြီး စီမံတုံ့ပြန်မှုတွေ စတင်သင့်နေပါပြီ။
စစ်တပ် ဆုတ်ခွာသွားတဲ့ နယ်မြေတွေမှာ တော်လှန်ရေး အင်အားစုတွေဟာ စင်ပြိုင် အစိုးရ ယန္တရားတွေ လည်ပတ်နိုင်အောင် အစပြု ထူထောင်လာပါတယ်။ စစ်တပ်ရဲ့ ဗဟိုချုပ်ကိုင်မှု အောက်ကနေ ကင်းလွတ်သွားတဲ့ အဲဒီ ဒေသတွေကို လွတ်မြောက် နယ်မြေတွေလို့ ခေါ်ဝေါ်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို တော်လှန်ရေး အင်အားစုတွေက တာဝန်ယူလာကြပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေ ကတည်းက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ဟာ အဲဒီလို လုပ်ငန်း လည်ပတ်မှုမျိုးနဲ့ အသားကျနေခဲ့ပြီးသား ဖြစ်ပါတယ်။
အခုဆိုရင် ကွဲပြားတဲ့ တော်လှန်ရေး အင်အားစုတွေဟာ ဒေသခံ လူ့အသိုက်အဝန်းတွေကို အကာအကွယ် ပေးနေရုံတင် မကဘဲ သန်းနဲ့ချီတဲ့ လူထုကို တာဝန်ယူ အုပ်ချုပ်တဲ့ အပိုင်းတွေမှာပါ ပါဝင်လာပြီ ဖြစ်ပါတယ်။
စစ်မြေပြင်မှာ ခရီးပိုရောက်လာခြင်းက တော်လှန်ရေး စီမံအုပ်ချုပ်မှုတွေလို့ သတ်မှတ်ရမယ့် အဲဒီ စနစ်တွေ ပိုမို ကျယ်ပြန့်လာခြင်းနဲ့ ဆက်စပ်နေနိုင်ပါတယ်။ နောက်ပြီး အဲဒီ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်တွေဟာ စစ်အာဏာရှင်ကို ဆက်လက် တွန်းလှန်နေရင်း ပဋိပက္ခတွေကြားမှာ ပိတ်မိပြီး ဒုက္ခကြုံနိုင်တဲ့ ဒေသခံ လူ့အဖွဲ့အစည်းတွေကို ကူညီ ကာကွယ်ပေးဖို့၊ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ အစိုးရ ထူထောင်ဖို့ဆိုတဲ့ ရည်မှန်းချက်တွေအတွက် အထူးအရေးကြီးပါတယ်။
မြန်မာနိုင်ငံရဲ့ လူများစု ဗမာ တိုင်းရင်းသားတွေ အဓိက နေထိုင်တဲ့ နယ်မြေတွေမှာတော့ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုအပြီး တိမ်းရှောင်လာနိုင်ခဲ့တဲ့ ရွေးကောက်ခံ လွှတ်တော် အမတ်တွေ အများစု ပါဝင်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေကို ဦးဆောင်နေပါတယ်။
တိုင်းရင်းသား နယ်မြေတွေမှာတော့ အသစ်ပေါ်ထွန်းလာတဲ့ ဒေသဆိုင်ရာ ကောင်စီတွေ၊ ရှိရင်းစွဲ အခြေခိုင်ပြီးသား တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ကဏ္ဍတွေကို ချဲ့ထွင် တည်ဆောက်ယူလာပါတယ်။ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုမှာ အဲဒီ အင်အားစုတွေက ကိုယ့်နယ်မြေကိုယ် တာဝန်ယူ အုပ်ချုပ်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
အဲဒီလို ရှုပ်ထွေးတဲ့ နိုင်ငံရေး အခြေခံ သဘောတရားတွေကြောင့် ပြင်ပက အမြင်မှာတော့ လုပ်ရကိုင်ရ ခက်မယ့် ကိစ္စတွေ၊ ယုတ်စွအဆုံး ကျရှုံးနိုင်ငံအဖြစ် ပြိုကွဲသွားမယ့် အရိပ်လက္ခဏာတွေအဖြစ် ရှုမြင်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ တကယ်တမ်းကျတော့ ပိုပြီးသင့်တော်တဲ့ အမြင်က ပုံစံကွဲ နိုင်ငံတခု ပေါ်ထွန်းလာမယ်ဆိုတဲ့ ရှုထောင့်မျိုး ဖြစ်ပါလိမ့်မယ်။ အဲဒီနိုင်ငံဟာ မြန်မာနိုင်ငံမှာရှိတဲ့ စုံလင် ကွဲပြားလှတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေကို စုစည်းပေးပြီး ကူညီ ဖေးမနိုင်ပါလိမ့်မယ်။ တိုင်းရင်းသား မျိုးနွယ်စု အများအပြားဟာ နိုင်ငံအာဏာကို ဗဟိုချက် တစ်ခုတည်းမှာ စုစည်းထားတဲ့ဒဏ်၊ ဆက်တိုက် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဒဏ်တွေကို ဆယ်စုနှစ် ရှစ်ခုစာလောက် ကျောကော့နေအောင် ခံခဲ့ရပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်မီးတောက်လောင်နေတာ ဆက်ပြီး ကြာလေလေ၊ နိုင်ငံအနှံ့က ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေ ကောင်းကျိုးအတွက် ဒေသအခြေစိုက် အုပ်ချုပ်မှု ယန္တရားတွေရဲ့ အရေးပါမှုက ပိုကြီးမားလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် အနာဂတ် ပြည်ထောင်စုကို ဘယ်လိုလမ်းကြောင်းကနေ ချဉ်းကပ်ပြီး ထူထောင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ရေရှည် သက်ရောက်မှုတွေလည်း ကျန်နေစေပါလိမ့်မယ်။
အနောက်မဟာမိတ် နိုင်ငံတွေကတော့ စစ်တပ်ရဲ့ များပြားလှတဲ့ ကြမ်းကြုတ် ရက်စက်မှုတွေအပေါ် ဆန့်ကျင်ကြောင်း ပြသတဲ့ အနေနဲ့ အာဏာ ချုပ်ကိုင်နိုင်စွမ်း လျော့ကျသွားစေမယ့် အရေးယူ ပိတ်ပင်မှုတွေ သတ်မှတ်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ တက်ကြွ လှုပ်ရှားသူတွေက တော်လှန်ရေး အင်အားစုတွေကို လက်နက် တပ်ဆင်ပေးသင့်ကြောင်း တောင်းဆိုသံတွေ ပိုကျယ်လောင်လာနေပါတယ်။
အဲဒီထက် မြန်မာပြည်သူတွေကို ထိထိရောက်ရောက် အကူအညီပေးနိုင်ဖို့ ပိုကောင်းတဲ့ နည်းလမ်း တစ်ခုကတော့ လွတ်မြောက် နယ်မြေတွေမှာ အသစ်ပေါ်ထွန်းလာတဲ့ စီမံခန့်ခွဲမှု ယန္တရားတွေကို ပံ့ပိုးပေးတာပဲ ဖြစ်ပါလိမ့်မယ်။
မြန်မာ့အရေးမှာ တော်လှန်ရေး အဖွဲ့အစည်းတွေကို စစ်လက်နက်နဲ့ စစ်ရေး အကူအညီပေးဖို့ အနောက်နိုင်ငံ အစိုးရတွေ တွန့်ဆုတ်နေတယ် ဆိုတာက နားလည်ပေးနိုင်တဲ့ အခြေအနေပါ။ အခန့်မသင့်ရင် မြန်မာနိုင်ငံကို ဗဟိုပြုပြီး တရုတ်နဲ့ သွယ်ဝိုက်စစ်ပွဲ ဆင်နွှဲရတဲ့ အနေအထားမျိုးဆီ ကျွံဝင်သွားတာမျိုး လိုချင်ကြမှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း တရိပ်ရိပ် ပြိုဆင်းနေတဲ့ စစ်တပ်ရဲ့ နေရာကို အစားထိုးဝင်ပြီး စီမံအုပ်ချုပ်မှု ကဏ္ဍကို တာဝန်ယူဖို့ ကြိုးစားနေတဲ့ NUG၊ တိုင်းရင်းသား အင်အားစုတွေနဲ့ တခြားသော အဖွဲ့အစည်းတွေကို ပိုပြီး ကောင်းမွန်တဲ့ အကူအညီတွေ စုစည်းပေးအပ်တာမျိုးတော့ လုပ်နိုင်မှာပါ။
မြန်မာနိုင်ငံထဲမှာ ဘယ်ကဏ္ဍတွေ အဓိက လိုအပ်နေသလဲ ဆိုတာကတော့ ဒေသအလိုက် တူညီကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ယေဘုယျ အနေနဲ့ တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး ဌာနတွေ ထူထောင်ရာမှာ၊ လူမှုအကူအညီတွေ ထောက်ပံ့ရာမှာ၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအတွက် ဘုံအယူအဆတွေ ဖော်ထုတ်ရာမှာ အထောက်အပံ့တွေ အသီးသီး လိုအပ်ကြပါတယ်။
အဲဒီလို အကူအညီတွေ ပေးမယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်လည်း လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပြီး စုစည်းပါဝင်မှုတွေ စုံလင်တဲ့ အရပ်ဖက် အစုအဖွဲ့တွေကို ဦးစားပေး စဉ်းစားသင့်ပါတယ်။
ပုံမှန်အားဖြင့် ဗဟိုကနေ အာဏာချုပ်ကိုင်ထားတဲ့ အစုအဖွဲ့ကို ချိတ်ဆက်ပြီးပဲ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နေတဲ့ အလှူရှင်တွေ၊ အဖွဲ့အစည်းတွေဟာလည်း အခုလိုမျိုး ကိုယ်ပိုင် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေတဲ့ အင်အားစုတွေကို ဆက်သွယ်ခြင်းအားဖြင့် အရင်က ထိတွေ့မှု မရှိဖူးတဲ့ နယ်မြေ ဒေသတွေမှာ ကိုယ့်လုပ်ငန်းတွေကို ဖြန့်ကျက် ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။
ဒါဟာ လက်ရှိ နိုင်ငံတကာမှာ အသုံးများတဲ့ နည်းလမ်း တစ်ခု ဖြစ်လာတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေအတွက် လုပ်ပိုင်ခွင့်နဲ့ ရန်ပုံငွေ ခွင့်ပြုချက်တွေ ပိုမြှင့်တင်ပေးတာနဲ့ သဘောတရား ကိုက်ညီနေပြီး မြန်မာ့ တော်လှန်ရေး ရေစီးကြောင်း အပြောင်းအလဲနဲ့လည်း အံဝင်နေပါလိမ့်မယ်။
စစ်တပ်ကို ယှဉ်ပြိုင် တည်ထောင်လာတဲ့ ကိုယ်ပိုင် အုပ်ချုပ်မှု ယန္တရားတွေမှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် မြန်မာနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ မူဝါဒပိုင်းဟာ ပိုပြီး အပြုသဘောဆန်လာ၊ ပိုပြီး ရှေ့ရေး မျှော်တွေးတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒီချဉ်းကပ်မှုဟာ ပြည်တွင်းစစ်ရဲ့ အဆုံးသတ် ရလဒ်က ဘာပဲဖြစ်နေပါစေ၊ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ နိုင်ငံတစ်ခု ဖန်တီး တည်ထောင်နိုင်ရေးအတွက် နောက်ဆက်တွဲ သက်ရောက်မှုတွေ ရရှိစေပါလိမ့်မယ်။
တစ်နည်းအားဖြင့် အနောက်နိုင်ငံတွေအနေနဲ့စစ်တပ်အပေါ် ဒေါသထွက်ပြရုံ၊ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ရုံထက် ပိုပြီး အဓိပ္ပါယ် ပြည့်ဝတဲ့ အခန်းမျိုးကနေ မြန်မာ့အရေးမှာ ပါဝင်လာနိုင်ဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ ။
(Nikkei Asia သတင်းဌာနမှာဖော်ပြခဲ့တဲ့ ဆောင်းပါးရှင်မော်တန် ဘီ ပီဒါဆန် ရဲ့ ” West must come to terms with Myanmar’s fragmentation”ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြထားတာဖြစ်ပါတယ်)
