ဘယ်ဂျီယမ် နိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုဟာ ဒေါ်လာ ၁၀ သန်းကျော်လောက် တန်ဖိုးရှိမယ်လို့ ယုံကြည်ရတဲ့ ရွှေချောင်းနဲ့ ရွှေဒင်္ဂါးပြားတွေကို မတော်တဆ ရှာတွေ့ခဲ့ပါတယ်။
ဒန်ဒါမွန်ဒီမြို့က အဆောက်အအုံဟောင်း တစ်ခုကို ပြင်ဆင်မွမ်းမံတဲ့ လုပ်ငန်းခွင်မှာ အဲဒီရွှေတွေ အများအပြားကို ရှာတွေ့လို့ ဆောက်လုပ်ရေး အလုပ်သမားတွေက ရဲတွေဆီကို အကြောင်းကြားခဲ့ပါတယ်။ ဒေသခံ ရဲတပ်ဖွဲ့က လိုအပ်တဲ့ စစ်ဆေးမှုတွေ သွားရောက် လုပ်ဆောင်ခဲ့ပြီး ရွှေတွေကို စနစ်တကျ စာရင်းပြုစု သိမ်းယူခဲ့ပါတယ်။
ဒန်ဒါမွန်ဒီမြို့ ရဲတပ်ဖွဲ့ဟာ အရေအတွက်အားဖြင့် ၅၀ ဝန်းကျင်လောက်ရှိမယ့် ရွှေချောင်းတွေနဲ့ အရေအတွက် အတိအကျ မသိရဘဲ အတော်လေး များပြားတဲ့ ရွှေဒင်္ဂါးတွေရဲ့ ပုံကိုလည်း ဩဂုတ် ၁၄ ရက်နေ့တုန်းက Facebookပေါ်မှာ မျှဝေထားခဲ့ပါတယ်။
ဒေသခံ ပရဟိတ အသင်းတစ်ခုက အသုံးပြုနေတဲ့ နေအိမ်တစ်လုံးရဲ့ နံရံတွေကို ဖြိုချချိန် အထဲမှာ ထည့်ဝှက်ထားတဲ့ ရွှေတွေကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ရွှေတွေကို မြင်မြင်ချင်းမှာ အားလုံး အံ့ဩလွန်းလို့ ဆွံ့အကုန်တယ်လို့ ဆောက်လုပ်ရေး အလုပ်သမား တစ်ဦးက ဆိုပါတယ်။

Public Service Announcement
သူတို့ဟာ မိလ္လာစနစ်အတွက် ပိုက်တွေနေရာချဖို့ ပြင်ဆင်နေရင်း ရွှေပုံကြီးကို တက်နင်းမိခဲ့သလိုပဲလို့ အဲဒီ အမျိုးသား ပြောပြပါတယ်။ ရဲတွေက အဲဒီရွှေတွေကို လတ်တလော သိမ်းဆည်းထားပြီး အစိုးရရဲ့ အဆင့်မြင့် လုံခြုံရေး စနစ်တွေနဲ့ တည်ဆောက်ထားတဲ့ ဘဏ္ဍာတိုက် တစ်ခုဆီကို အမြန်ဆုံး လွှဲပြောင်းပေးသွားမယ်လို့ ပြောကြားထားပါတယ်။
အခုသတင်းကြောင့် အဲဒီနေရာတဝိုက်ကို ရွှေရှာသူတွေ ရောက်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ပျံနှံ့နေပြီး ရဲတွေကတော့ စည်းရိုးခတ်ထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ မဆိုင်သူတွေ ဝေးဝေးနေကြဖို့ သတိပေးထားပါတယ်။
အဲဒီရွှေတွေကို ဘယ်သူက ပိုင်ဆိုင်သလဲ ဆိုတာကို မသိရသေးသလို ဘယ်သူ့ကို ထိန်းသိမ်းခွင့် ပေးမယ် ဆိုတာလည်း မသဲကွဲသေးပါဘူး။ ဒီလောက် တန်ဖိုးရှိတဲ့ ရွှေတွေကို ထိုက်တန်တဲ့သူပဲ မှန်မှန်ကန်ကန် ရရှိသွားစေဖို့ မျှော်လင့်ကြောင်း ရဲတပ်ဖွဲ့ရဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
ကိုးကား: CBS


















































