မဟာမိတ် တောင်ကိုရီးယား နိုင်ငံနဲ့ နှစ်စဉ် ပူးပေါင်းပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှု အစီအမံတွေကို အခုနှစ်မှာ ပမာဏ သိသိသာသာ လျှော့ချမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အီရန်နဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေမှာ ထရမ့်က တောင်ကိုရီးယားနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို လျှော့ချမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုဆုံးဖြတ်ချက်ရဲ့ အဓိက အကြောင်းပြချက်အဖြစ် သူနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းတို့ကြားက အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေးကို ထရမ့်က ရည်ညွှန်းခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်စစ်အတွက် ပြင်ဆင်မှုလို့ မြောက်ကိုရီးယားက စွပ်စွဲပြီး တူးတူးခါးခါး ကန့်ကွက်လေ့ ရှိပါတယ်။ ကင်မ်နဲ့ ရင်းနှီးမှုကြောင့် တောင်ကိုရီးယားနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပမာဏကို လျှော့ချမယ်ဆိုတဲ့ ထရမ့်ရဲ့ မှတ်ချက်အပေါ် မြောက်ကိုရီးယားဖက်က ဘာမှ မတုံ့ပြန်သေးပါဘူး။
အခုလို ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေဟာ အရမ်း စရိတ်စက ကြီးမားတဲ့အပြင် ဖြစ်နေကျ အတိုင်းပဲ အမေရိကန်ကပဲ အဓိက ငွေကုန်ကြေးကျ ခံရကြောင်း၊ ဒါဟာ မသင့်တော်သလို ရန်လိုတဲ့ အချက်ပြမှု တစ်ခုလည်း ဖြစ်နေကြောင်း ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ Truthမှာ ဩဂုတ် ၁၆ ရက်နေ့တုန်းက ရေးသားထားခဲ့ပါတယ်။

Public Service Announcement
သူက တောင်ကိုရီးယား အစိုးရဟာ အမေရိကန်ရဲ့ အီရန်နျူကလီးယား ဖျက်သိမ်းရေး အားထုတ်မှုတွေမှာ ပူးပေါင်းဖို့ ငြင်းဆိုခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါသေးတယ်။ တိုက်ရိုက် မသက်ဆိုင်ပေမယ့် ပြောစရာ ရှိတာက သူဟာ မကြာသေးခင်က တောင်ကိုရီးယား သမ္မတနဲ့ စကားပြောခဲ့ပြီး အီရန်နျူကလီးယား ဖျက်သိမ်းရေး အားထုတ်မှုတွေမှာ အမေရိကန်နဲ့ ပူးပေါင်းမလားလို့ မေးကြည့်ခဲ့ကြောင်း၊ ဒါပေမဲ့ တောင်ကိုရီးယားက ငြင်းပယ်ခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။
စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုလုံးကို ဖျက်သိမ်းဖို့ ဆိုတာကတော့ အရမ်းနောက်ကျသွားပြီလို့လည်း ထရမ့်က ပြောပါတယ်။ သူဟာ စစ်ရေးလေ့ကျင့်မှုတွေ စဖို့ ၂၄ နာရီတောင် မလိုတော့တဲ့ အချိန်မှာ အခုလို ကြေညာခဲ့တာပါ။
တောင်ကိုရီးယားကတော့ မူလ ကြိုတင် စီစဉ်ထားတဲ့ ဩဂုတ် ၁၇ ရက်နေ့မှာ နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ စတင်မယ်လို့ ကြေညာခဲ့ပါတယ်။
Ulchi Freedom Shieldလို့ နာမည်ပေးထားပြီး ၁၁ ရက် ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်မှု အကြောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ မနှစ်က လေ့ကျင့်မှု ပမာဏအတိုင်း စီစဉ်ထားကြောင်း အတည်ပြုခဲ့ပြီး တောင်ကိုရီးယားက စစ်သည် ၁၈၀၀၀ လောက် ပါဝင်မယ်လို့ ထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၄ ရက်နေ့မှာတော့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို ရှုတ်ချခဲ့ပြီး ကျူးကျော်စစ်ပွဲအတွက် ပြင်ဆင်မှုလို့ စွပ်စွဲခဲ့ပါတယ်။
အခု စစ်ရေးလေ့ကျင့်မှုတွေဟာ တောင်ကိုရီးယားရဲ့ လုံခြုံရေး အစီအမံတွေအတွက် အထူးအရေးပါပေမယ့်လည်း ထရမ့်ကတော့ အရင်ကလည်း ပမာဏ လျှော့ချတာတွေ၊ ဖျက်သိမ်းတာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။
ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းက နျူကလီးယား လက်နက် ဖျက်သိမ်းရေးကိစ္စ မြောက်ကိုရီးယား အစိုးရနဲ့ ဆွေးနွေးနေခဲ့ချိန် ၂၀၁၈ တုန်းက အဲဒီလို စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို လုံးဝဥဿုံ ပယ်ဖျက်ခဲ့ပြီး ၂၀၂၀ တုန်းကလည်း ကိုဗစ် ကပ်ရောဂါကြောင့် ပမာဏ လျှော့ချစေခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ကိုရီးယားကျွန်းဆွယ် စစ်ပွဲကို တရားဝင် အဆုံးသတ်ဖို့ မြောက်ပိုင်းက ပြိုင်ဘက် ကွန်မြူနစ် နိုင်ငံဆီ ကမ်းလှမ်းခဲ့ပါတယ်။ ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်ထိ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ ကိုရီးယား နှစ်နိုင်ငံဟာ အပစ်အခတ်သာ ရပ်စဲခဲ့ပြီး ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုမှု မရှိသေးတာကြောင့် လက်ရှိ အချိန်ထိ နှစ်နိုင်ငံကြား စစ်ဖြစ်နေဆဲလို့ သတ်မှတ်နိုင်ပါတယ်။
ကိုးကား: BBC


















































