Connect with us

Hi, what are you looking for?

အတွေးအမြင်

ဘာကြောင့် မြန်မာ့တော်လှန်ရေးမှာ တရုတ်မူဝါဒသစ် လိုအပ်နေသလဲ

နိုင်ငံရေး အလှမ်းကွာဝေးမှု၊ လေဟာနယ် (၈)ခု၊ စနစ်တကျစုဖွဲ့ပါဝါ (အပိုင်း-၂ ၊နိဂုံး)

●နိုင်ငံရေး အလှမ်းကွာဝေးမှု၊ လေဟာနယ် (၈)ခု၊ စနစ်တကျစုဖွဲ့ပါဝါ (အပိုင်း-၂ ၊နိဂုံး)

-ငြိမ်းငြိမ်းပြည့် ​ရေးသားသည်။

ထိတွေ့ဆက်ဆံမှုနဲ့ ဘေဂျင်းရဲ့သတ်မှတ်ချက်တွေ ဆုံတွေ့တဲ့အခါ NUG ဟာ ထိတွေ့ဆက်ဆံမှု ပုံစံတမျိုးကို စမ်းသပ်ကြိုးစားထားပြီးဖြစ်ပါတယ်။ တရုတ်တနိုင်ငံတည်းမူ (One China Principle) ကို ထောက်ခံကြောင်း၊ အရင်လုပ်ထားတဲ့ မြန်မာ-တရုတ် ကတိကဝတ်တွေကို ဆက်တည်မယ့်အကြောင်း၊ မြန်မာနိုင်ငံအတွင်းက တရုတ်ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေနဲ့ တခြား လူမှုစီးပွားလုပ်ငန်းတွေကို ကာကွယ်စောင့်ရှောက်မယ့်အကြောင်း ကတိပြုတဲ့ ကြေညာချက်ကို ၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာက ဆက်သွယ်မှု လုံးလုံး မလုပ်တာ မဟုတ်ပါဘူး။

ဒါဟာ သတင်းစကားပါးခြင်းရဲ့ အတိုင်းအတာ အကန့်အသတ်ကို ပြသနေပါတယ်။ ဒီအမူအရာတွေဟာ ဆက်ဆံရေးနဲ့ သမိုင်း-သဘောတရားအရ အလှမ်းကွာဝေးမှုရဲ့ တစိတ်တပိုင်းကို ဖြေရှင်းပါတယ်၊ တော်လှန်ရေးဟာတရုတ်ကို တရုတ်ဆန့်ကျင်ရေးသက်သက် မဟုတ်ကြောင်းနဲ့ အဆက်မပြတ်မှု၊ အသိအမှတ်ပြုမှုနဲ့ သံတမန်ရေးအရ စိတ်ချယုံကြည်စေမှုတို့ကို နားလည်ကြောင်း ပြသပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အဲဒါတွေချည်းသက်သက်နဲ့တော့ စနစ်အဆောက်အအုံတည်ဆောက်ပုံ အလှမ်းကွာဝေးမှု (ဒါမှမဟုတ်) ပထဝီမဟာဗျူဟာပိုင်းဆိုင်ရာ အလှမ်းကွာဝေးမှု အဟတွေကို မစေ့နိုင်ပြန်ပါဘူး။

ဘေဂျင်းဟာ မြန်မာ့အင်အားစုတွေကို အကဲဖြတ်တဲ့နေရာမှာ၊ အဲဒီလို အလှမ်းကွာဝေးနေမှုတွေကနေထွက်ပေါ်လာတဲ့လက်တွေ့အကျိုးသက်ရောက်မှုတွေကတဆင့် တိုင်းတာပါတယ်။ ဒီအင်အားစုတွေက ဘာကတိတွေ ကြေညာချက်ထုတ်သလဲဆိုတာထက်၊ မြေပြင်မှာ သူတို့ ဘာတွေကို ထိန်းချုပ်နိုင်သလဲ၊ ကာကွယ်ပေးနိုင်သလဲ၊ တားဆီးဟန့်တားနိုင်သလဲ ဒါမှမဟုတ် ဟန့်တားနိုင်သလဲ ဆိုတဲ့ လက်တွေ့လုပ်နိုင်စွမ်းတွေနဲ့ပဲ ပိုပြီး အကဲဖြတ်တာပါ။

ဘေဂျင်းရဲ့တွက်ကိန်းတွေကရှင်းပါတယ်။ စီမံကိန်း လမ်းကြောင်းတွေကို ဘယ်သူက ဆက်ဖွင့်ထားပေးနိုင်မလဲ၊ အန္တရာယ်တွေကို ဘယ်သူက လျှော့ချပေးနိုင်မလဲ၊ စီမံကိန်းတွေကို ဘယ်သူက လုံခြုံအောင် ကာကွယ်ပေးနိုင်မလဲ၊ နယ်စပ်တွေကို ဘယ်သူက စီမံခန့်ခွဲနိုင်မလဲ၊ နယ်မြေတွေကို ဘယ်သူက စိုးမိုးထားနိုင်မလဲဆိုတာတွေကိုပဲသူက မေးခွန်းထုတ်ပြီး တွက်ဆပါတယ်။ ဒါ့အပြင် အမေရိကန်ဦးဆောင်တဲ့ ဝန်းရံပိတ်ဆို့မှုတွေ ဝင်လာနိုင်တဲ့ အပေါက်အပြဲလို့ သူရှုမြင်သံသယပွားတဲ့အရာတွေကို ဘယ်သူက ဟန့်တားကန့်သတ်ပေးနိုင်မလဲ၊ပြီးတော့အချိန်ကြာလာတာနဲ့အမျှ သူ့အတွက် ဘယ်သူက ဘယ်လောက် ဆက်ပြီး အသုံးဝင်နေဦးမလဲဆိုတာတွေကိုပါချိန်ထိုးတွက်ချက်ပါတယ်။ နောက်ဆုံး အရေးအကြီးဆုံးကတော့၊ ဘယ်သူ့ကိုများ အရေးမစိုက်ဘဲ အလွယ်တကူ ကျော်ခွသွားလို့ ရနိုင်မလဲ ဆိုတာကိုပါ တွက်ဆတာပဲ ဖြစ်ပါတယ်။

တရုတ်ဆိုတာ ဇာတ်ဆောင်တဦးတည်း မဟုတ်ပါဘူး။ ဘေဂျင်း ဗဟိုအစိုးရ၊ ယူနန် အာဏာပိုင်တွေ၊ နိုင်ငံတော်ပိုင် လုပ်ငန်းကြီးတွေ၊ ပုဂ္ဂလိက ကန်ထရိုက်တာတွေ၊ နယ်စပ်ကုန်သည်တွေ၊ လုံခြုံရေးအေဂျင်စီတွေ၊ စီမံကိန်း ရင်းနှီးမြှုပ်နှံသူတွေဟာ တပုံစံတည်း လည်ပတ်လှုပ်ရှားနေကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ အကျိုးစီးပွားတွေဟာလည်း တခုနဲ့တခု ကွဲလွဲနေနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်ကနေ ကြည့်ရင်တော့ သူတို့ရဲ့ လုပ်ရပ်တွေဟာ နောက်ဆုံးရလဒ်မှာ သွားပြီး ဆုံမှတ်ကျလေ့ရှိပါတယ်။ အဲဒါတွေကတော့ ပထဝီမဟာဗျူဟာ ဝင်လမ်းထွက်လမ်း၊ အီလစ်ပြဌာန်းချက်နဲ့ တည်ငြိမ်မှု၊ စီမံကိန်းတွေ လုံခြုံရေး၊ နယ်စပ်လုံခြုံရေးနဲ့ ထိခိုက်ခံစားရမယ့် လူမှုအသိုက်အဝန်းတွေအပေါ် ဒီမိုကရေစီနည်းကျ တာဝန်ခံစရာမလိုဘဲ အသုံးချသွားနိုင်တဲ့Leverageရယူရေးတွေပဲဖြစ်ပါတယ်။

ဒါတွေကြောင့်မို့လို့ပဲတရုတ်မူဝါဒကိုမြန်မာ့စစ်-အရင်းရှင် အုပ်စိုးမှုစနစ်နဲ့ ခွဲခြားပြီး စဉ်းစားလို့ မရနိုင်တာပါ။ ပြဿနာက ဘယ်သူ နေပြည်တော်ကို အုပ်ချုပ်သလဲ ဆိုတာတင် မဟုတ်ပါဘူး။ စစ်အာဏာ၊ ခရိုနီအရင်းအနှီး၊ စစ်အကျိုးဆောင်ပွဲစားတွေ၊ နိုင်ငံတော် ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံဖြတ်ကျော် အရင်းအနှီးတွေကမြေယာ၊ သယံဇာတ၊ လမ်းကြောင်း၊ ဘဏ္ဍာနဲ့ လူထုရဲ့လုပ်အားတွေကို ဘယ်လို ခြယ်လှယ်ချုပ်ကိုင်နေသလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ ဒီအခြေခံစနစ်ကြီးကို ခြေရာလက်ရာမပျက် ဒီအတိုင်း ဆက်ထားမယ့် ဘယ်လိုမူဝါဒမျိုးမဆိုဟာ ဗိုလ်ကျကြီးစိုးလွှမ်းမိုးမှုကို နာမည်အသစ်တခုတပ်ပြီး ပြန်လည်အသက်သွင်းပေးသလိုပဲ ဖြစ်နေပါလိမ့်မယ်။

ဒီစံနှုန်းဟာ တော်လှန်ရေးအင်အားစုတွေအပေါ်မှာလည်းအတူတူသက်ရောက်မှု ရှိပါတယ်။တော်လှန်ရေးရဲ့ နိုင်ငံရေးအနှစ်သာရဆိုတာ ဒီစနစ်ကြီးကို အမြစ်ပြတ်ဖျက်သိမ်းပစ်ဖို့ပဲဖြစ်ပြီး၊နာမည်အသစ်တွေတပ် ပြန်အသက်သွင်းဖို့ မဟုတ်ပါဘူး။တရုတ်ဆိုင်ရာဆက်ဆံရေးတွေမှာတာဝန်ခံမှုအစစ်အမှန် ရှိလာဖို့ ဆိုတာ၊ ထိခိုက်ခံစားရတဲ့ ကာယကံရှင်လူမှုအသိုက်အဝန်းတွေအနေနဲ့ မိမိတို့ရဲစုပေါင်းဘဝ ရှင်သန်မှုအပေါ် သက်ရောက်မယ့် ဆုံးဖြတ်ချက်တွေကို ပွင့်ပွင့်လင်းလင်း သိမြင်နိုင်ခွင့်၊ ကန့်ကွက်နိုင်ခွင့်နဲ့ ငြင်းဆန်ပယ်ချနိုင်ခွင့် ပါဝါ ရှိလာတဲ့ အချိန်ကျမှသာ ဖြစ်လာမှာပါ။

တော်လှန်ရေးအင်အားစုတွေမှာ leverage လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။ ပြဿနာက ဒီ leverage တွေဟာ တကွဲတပြားစီ ပြန့်ကျဲနေဆဲ ဖြစ်နေတာပါ။ အဲဒီလို တကွဲတပြားစီ ဖြစ်နေတာတွေကို အလွယ်တကူ ဝယ်ယူသိမ်းသွင်းခံရနိုင်ပါတယ်၊ ကျော်ခွခံရနိုင်ပါတယ်၊ ဒါမှမဟုတ်လည်း ဖိအားပေး အပြစ်ပေးခံရနိုင်ပါတယ်။ စနစ်တကျ စုဖွဲ့ထားတဲ့ Organized leverageရှိမှသာလျှင် ဘေဂျင်း တွက်ချက်ရမယ့် မြေပြင်အခင်းအကျင်းကို ပြောင်းလဲပစ်နိုင်စွမ်း ရှိမှာပါ။

ဟန်ရေးပြ နိုင်ငံရေးဆိုတာဟာ နိုင်ငံရေးအရ အလှမ်းကွာဝေးမှုကို သဘောထားခံယူချက် အဆင့်လောက်မှာပဲ ပြသနေတာပါ။ ဒီမှာအကျဥ်းချုပ်ဆက်လက်ဆွေးနွေးမယ့် လေဟာနယ် (၈) ခုကတော့ အဲဒီအလှမ်းကွာဝေးမှုဟာ လက်တွေ့ရုပ်ဝတ္ထုပိုင်းမှာ ဘယ်လို ရုပ်လုံးပေါ်လာသလဲ ဆိုတာကို ပြသနေပါတယ်။ ဒီလေဟာနယ်တွေဟာ အကွဲကွဲအပြားပြား ဖြစ်နေတဲ့အာဏာပိုင်စိုးမှုတွေ၊ ရှင်သန်ရေးအတွက် ရုန်းကန်ရတဲ့ ဖိအားတွေနဲ့မညီမျှတဲ့ ပါဝါအင်အားတွေကနေတဆင့် အီလစ်တွေရဲ့ အမိအရချုပ်ကိုင်ခံရမှု ယန္တရားတွေအဖြစ် ပြောင်းလဲသွားစေမယ့် အပေါက်အပြဲတွေပဲ ဖြစ်ပါတယ်။

●လေဟာနယ် (၈) ခု

အမိအရချုပ်ကိုင်ခံရမှုဆိုတာ စိတ်ကူးယဉ်ဆန်ဆန် လေထဲကနေဖြစ်လာတာမဟုတ်ပါဘူး။ ရှင်သန်ရေးအတွက် အပေးအယူ လုပ်ရမှုတွေ၊ ပုံမှန်အဖြစ်သွတ်သွင်းခံရတဲ့ မှီခိုရမှုတွေ၊ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကနေ မစိစစ် မကန့်ကွက်နိုင်ခင်မှာတင် အမြစ်တွယ်ခိုင်မာသွားတဲ့ ဆုံးဖြတ်ချက်တွေ ကတဆင့် ဖြစ်ပေါ်လာတာပါ။ ဒါတွေဟာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက် ကွက်လပ်လေးတွေလည်း မကပါဘူး။

ဒီလေဟာနယ်တွေဟာ နိုင်ငံရေးအရအလှမ်းကွာဝေးမှု လေးရပ်ကို လက်တွေ့ရုပ်ဝတ္ထုပိုင်းမှာ အသက်ဝင်လာစေတဲ့ စနစ်အဆောက်အအုံတည်ဆောက်ပုံဆိုင်ရာ အပေါက်အပြဲ အပွင့်အဟတွေ ဖြစ်ပါတယ်။ ဆက်ဆံရေး အလှမ်းကွာဝေးမှုကြောင့် ဘေဂျင်းအနေနဲ့ သီးခြားဆွေးနွေးဖက်တွေ ရွေးချယ်နိုင်ခွင့် ရှိနေပါတယ်။ စနစ်အဆောက်အအုံတည်ဆောက်ပုံ အလှမ်းကွာဝေးမှုကြောင့် တော်လှန်ရေးအင်အားစုတွေကြား နောက်ဆုံးစည်းနဲ့ ဘုံစံနှုန်းတွေ (ဒါမှမဟုတ်) အာဏာတည်စေမှုတွေ မရှိဘဲ၊ အပေးအယူကိစ္စတွေကို အသီးသီး ရှေ့ဆက်ဖြစ်စေပါတယ်။ ပထဝီမဟာဗျူဟာ အလှမ်းကွာဝေးမှုက ဘေဂျင်းရဲ့ လုံခြုံရေး တွက်ဆချက်တွေကို မြန်မာ့တော်လှန်ရေးရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေထက် အသာစီးရ လွှမ်းမိုးသွားခွင့် ပေးပါတယ်။

သမိုင်း-အယူ ဝါဒအလှမ်းကွာဝေးမှုကတော့ တရုတ်နဲ့ပတ်သက်တဲ့ တစိတ်တပိုင်း အမှန်တရားတွေကို မဟာဗျူဟာအဖြစ်မဟုတ်ဘဲ လှေနံဓားထစ် သဘောထားဟန်ရေးပြမှုတွေအဖြစ် တရားသေ ဖြစ်သွားစေပါတယ်။ဒီအပေါက်အပြဲတွေဟာ ပြီးပြည့်စုံတဲ့ မူဝါဒဗိသုကာ တရပ်တော့ မဟုတ်ပါဘူး။ တရုတ်မူဝါဒသစ်ကို ဘယ်နေရာကနေ စတင်ရမလဲဆိုတာကို ပြသရုံပါ။

●ရှင်သန်ရေးနဲ့ စီးပွားရေး မဟာဗျူဟာ လေဟာနယ် –

စစ်ပွဲဖိအားအောက်မှာ ပြုလုပ်ရတဲ့ ရေတို အရေးပေါ် အစီအမံတွေဟာမြေယာ၊လုပ်အား၊ သယံဇာတ၊ ဘဏ္ဍာ၊ အခြေခံအဆောက်အအုံနဲ့ မှီခိုမှုတွေအပေါ် ရေရှည်လိုက်လျောမှုတွေ ဖြစ်သွားနိုင်ပါတယ်။ အခုအချိန်မှာ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို အသက်ရှင်သန်စေတဲ့အရာတွေနဲ့ နောင်တချိန်မှာ စနစ်အဆောက်အအုံဆိုင်ရာပါဝါကို ဆုံးရှုံးသွားစေမယ့်အရာတွေ နှစ်ခုအကြား ပြတ်ပြတ်သားသား ခွဲခြားသိမြင်ရပါမယ်။ ဒီလို ခွဲခြားမှု မရှိရင်၊ ရှင်သန်ရေး ဆိုတာဟာ အုပ်စိုးသူလူတန်းစားတွေရဲ့ အပေးအယူတွေကို ပုံမှန်အခြေအနေတရပ်ဖြစ်လာအောင် အသက်သွင်းပေးမယ့် ဘာသာစကား ဖြစ်သွားနိုင်ပါတယ်။

● နိုင်ငံရေး အာဏာပိုင်စိုးမှု လေဟာနယ်-

ပြဿနာက တော်လှန်ရေးအင်စတီကျူးရှင်းတွေ မရှိတာ မဟုတ်ပါဘူး။ နေပြည်တော်ဗဟိုပြု လမ်း

ကြောင်းတွေကနေ ကျော်လွန်ပြီး စုပေါင်းနိုင်ငံရေးအင်အားစုတခုအဖြစ် ချိတ်ဆက်ပေးနိုင်မယ့် ထိရောက်တဲ့ တရုတ်မျက်နှာမူ ယန္တရား မရှိတာပါ။ သမဂ္ဂတွေ အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုတွေ၊ NUG၊ NUCC၊ SCEF၊ EAOsတွေ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူထုကွန်ရက်တွေအားလုံးဟာ တော်လှန်ရေးအာဏာပိုင်စိုးမှုရဲ့ အစိတ်အပိုင်းတွေကို အသီးသီး ကိုင်စွဲထားကြပါတယ်။ ဒါပေမဲ့ ဘေဂျင်းအနေနဲ့ သူတို့ကို သီးခြားစီ ခွဲခြားဆက်ဆံနိုင်ပါသေးတယ်၊ တချို့ကို နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအဖြစ်၊ တချို့ကို အပစ်အခတ်ရပ်စဲရေး ဝင်ရောက်ကြီးကြပ်စီမံမှု အဖြစ်၊ တချို့ကို နယ်မြေအလိုက် စီမံကိန်းလုံခြုံရေးဆိုင်ရာ အဖြစ်၊ တချို့ကို ဒေသတွင်း အာဏာပိုင်တွေအဖြစ်၊ တချို့ကိုကျတော့ ဖယ်ကြဉ်ထားရမယ့် ဒါမှမဟုတ်လျစ်လျူရှုထားရမယ့် (ဒါမှမဟုတ်) ဖိအားပေးထားရမယ့် အဖွဲ့တွေအဖြစ် ဆက်ဆံနေစဉ်မှာပဲ နေပြည်တော်ကိုတော့ တရားဝင် နိုင်ငံတော်လမ်းကြောင်းအဖြစ် ဆက်လက်ထားရှိနေနိုင်ပါတယ်။ ဒါဟာ အင်စတီကျူးရှင်းပုံစံနဲ့ အသက်ဝင်နေတဲ့ ဆက်ဆံရေး အလှမ်းကွာဝေးမှု လေဟာနယ်ပါပဲ။

●ပူးပေါင်းညှိနှိုင်းမှု လေဟာနယ်-

အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်ရေး ဆိုတဲ့ ကျယ်ပြန့်တဲ့ ယေဘုယျ ဘုံပန်းတိုင်ကလွဲရင်၊ အနိမ့်ဆုံး ဘုံစံနှုန်းတွေနဲ့ အမြင့်ဆုံး ဘုံသတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်း မသတ်မှတ်ရသေးတဲ့ ပူးပေါင်းညှိနှိုင်းမှုဟာ အားနည်းနေဆဲပါ။ ဘယ်အဖွဲ့ကမှ မကျော်လွန်သင့်တဲ့ အနိမ့်ဆုံးစံနှုန်းတွေနဲ့ ဘယ်အဖွဲ့မှ တဦးတည်းစေ့စပ်ညှိနှိုင်းခွင့်မရှိတဲ့ ကန့်သတ်ချက်တွေလိုပါတယ်။ ဘယ်အဖွဲ့မှ သီးခြားရှင်သန်ရေး ဖိအားအောက်မှာ မြေယာ၊ လုပ်အား၊ သယံဇာတတွေ၊ အသက်မွေးဝမ်းကျောင်းမှုတွေ၊ လုံခြုံရေး ဒါမှမဟုတ် လူမှုအသိုက်အဝန်းရဲ့ သဘောတူညီချက်တွေကို အပေးအယူ မလုပ်သင့်ပါဘူး။ NUG၊ NUCC၊ SCEF နဲ့ တခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေဟာ ဒီစံနှုန်းတွေနဲ့ ကန့်သတ်ချက်တွေကို လုံလောက်အောင် မသတ်မှတ်ရသေးပါဘူး၊ ဘယ်အရာကို ဘယ်သူကမှ အလျှော့မပေးသင့်ဘူး၊ ဘယ်အရာကို တဦးတည်း စေ့စပ်ညှိနှိုင်းခွင့် မရှိဘူး၊ ဘယ်အရာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသရမယ်၊ ဘယ်အရာတွေအတွက် လူမှုအသိုက်အဝန်းရဲ့ သဘောတူညီချက် လိုအပ်တယ်၊ ပြီးတော့ ဒီစည်းတွေကို ကျော်လွန်ရင် ဘယ်လို အကျိုးဆက်တွေ ရှိလာမယ် ဆိုတာတွေပါ။ ဒီလိုစံနှုန်းတွေ မရှိရင်၊ စနစ်အဆောက်အအုံ မညီမျှမှုဟာ အကွဲကွဲအပြားပြားဖြစ်နေမှုကို အားနည်းချက်အဖြစ် ပြောင်းလဲသွားစေပြီး ပိုဆိုးသွားစေနိုင်ပါတယ်။

●Leverage လေဟာနယ်-

လက်ရှိ ရှိနေတဲ့ နယ်မြေ၊ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အားသာချက်တွေကို ဘေဂျင်းအနေနဲ့ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် စုပေါင်းပါဝါဖြစ်လာအောင် တော်လှန်ရေးက မပြောင်းလဲနိုင်သေးပါဘူး။ တော်လှန်ရေးအင်အားစုတွေမှာ leverage ပုံစံတွေ ရှိနေပြီးသားပါ။လမ်းကြောင်းတွေ၊ နယ်မြေ၊ လုပ်အား၊ သယံဇာတတွေ၊ ဒေသတွင်း တရားဝင်မှု၊ အုပ်ချုပ်ရေးပိုင်း ထိန်းချုပ်နိုင်မှု၊ လူမှုအသိုက်အဝန်းရဲ့ ငြင်းဆန်နိုင်စွမ်း၊ တရားမဝင်တဲ့ အပေးအယူတွေကို မှတ်တမ်းတင်နိုင်စွမ်း၊ အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ ပြန့်ကျဲနေတဲ့ ကုတ်အားကန်အားတွေဟာ အားနည်းနေဆဲပါ။ ဒါတွေကို မြေပုံဆွဲပြီး၊ အချင်းချင်း ချိတ်ဆက်ပြီး၊ ဘုံစံနှုန်းတွေနဲ့အညီ အသုံးပြုမှသာ နိုင်ငံရေးအရ အသက်ဝင်လာနိုင်မှာပါ။

●ဒီမိုကရေစီ အခြေခံမြေပြင် လေဟာနယ်-

လူမှုအသိုက်အဝန်းတွေ၊ ဒေသခံပြည်သူတွေ၊ အလုပ်သမားတွေ၊ နေရပ်စွန့်ခွာရသူတွေ၊ လူမျိုးစုအုပ်ချုပ်ရေးအဖွဲ့တွေ၊ တော်လှန်ရေးအာဏာပိုင်တွေဟာ ဆုံးဖြတ်ချက်တွေမြေပြင်မှာအမှန်တကယ် ခိုင်မာမသွားခင် အဲဒီဆုံးဖြတ်ချက်တွေကို ကန့်ကွက်နိုင်မယ့် လုပ်ငန်းစဉ်တွေ လိုအပ်ပါတယ်။ ဖက်ဒရယ်နဲ့ လူမှုစီးပွားကို လျစ်လျူရှုထားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တရုတ်မူဝါဒဟာ ဗဟိုနဲ့အစွန်အဖျားပြဿနာဟောင်းကို တခြားပုံစံတမျိုးနဲ့ ပြန်လည်ထုတ်လုပ်ပေးရာသာ ရောက်မှာပါ။ ဒီနယ်မြေတွေအသီးသီးမှာ နေထိုင်တဲ့ ကာယကံရှင်ပြည်သူတွေရဲ့ နိုင်ငံရေးအာဏာပိုင်စိုးမှု မပါဘဲ သူတို့ရဲ့နယ်မြေတွေအပေါ် ဆုံးဖြတ်ချက်တွေ ချမှတ်မှုဟာ ဒီမိုကရေစီလေဟာနယ်ပါပဲ။

●အတွင်းရေး တာဝန်ခံမှု လေဟာနယ်-

နွေဦး အင်အားစုတွေ၊ လူမျိုးစု အာဏာပိုင်တွေ၊ ဒေသခံတပ်မှူးတွေ၊ ပေါ်ထွက်လာတဲ့ တော်လှန်ရေးအီလစ်တွေဟာလည်း ပြည်သူလူထုအထက်ကနေ သယံဇာတထုတ်ယူတဲ့ အပေးအယူတွေကို ပြန်လည်ဆင့်ပွားကျူးလွန်နိုင်ပါတယ်။

တော်လှန်ရေးဆိုင်ရာတရားဝင်မှုဆိုတာဟာ အပေးအယူတခုကို အလိုအလျောက် တာဝန်ခံမှု ရှိသွားစေတာ မဟုတ်ပါဘူး။ တရုတ်နဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေ၊ ဘဏ္ဍာခွဲဝေမှု အစီအမံတွေ၊ သယံဇာတဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ သုံးသပ်ဖို့၊ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသဖို့၊ ကျူးလွန်ရင် ခံရမယ့် အကျိုးဆက်တွေ ပြဋ္ဌာန်းထားဖို့ လိုအပ်ပါတယ်။

●အင်စတီကျူးရှင်းဆိုင်ရာ အာဏာတည်စေမှု လေဟာနယ်-

စာချုပ်တွေကို သုံးသပ်တာ၊ တောင်းဆိုမှုတွေကို မှတ်တမ်းတင်တာ၊ အလုပ်သမားတွေနဲ့ လူမှုအသိုက်အဝန်းတွေကို ကာကွယ်တာ၊ နစ်နာမှုတွေကို ဖြေရှင်းပေးတာ၊ တရားမဝင်တဲ့ အပေးအယူတွေကိုပယ်ဖျက်တာ စတဲ့ ယန္တရားတွေမရှိရင်၊ လူထုပါဝင်မှုဆိုတာဟာ သင်္ကေတသက်သက် ဟန်ပြသာ ဖြစ်သွားပါမယ်။တာဝန်ခံမှုအတွက် အာဏာတည်စေနိုင်တဲ့ ယန္တရားတွေ လိုအပ်ပါတယ်၊ ပြည်သူ့မှတ်တမ်းတွေ၊ သုံးသပ်ရေးအဖွဲ့တွေ၊ နစ်နာမှုတိုင်ကြားရေးလမ်းကြောင်းတွေနဲ့ ထိခိုက်နစ်နာစေတဲ့ အစီအမံတွေကိုဆိုင်းငံ့ဖို့ (ဒါမှမဟုတ်)ငြင်းပယ်ဖို့ ပါဝါတွေ ဖြစ်ပါတယ်။

●ဗဟုသုတ လေဟာနယ်-

မြန်မာနိုင်ငံမှာ ပြည်သူလူထုရဲ့ အသိပညာ ကင်းမဲ့နေတာ မဟုတ်ပါဘူး။ဖြတ်သန်းရတဲ့ ဘဝအတွေ့အကြုံတွေ၊ ဒေသခံတွေရဲ့ မှတ်ဉာဏ်တွေ၊ နယ်စပ် အသိပညာ၊ စာချုပ်စာတမ်းတွေအကြောင်း အသိပညာ၊ မြေယာ၊ လုပ်အား၊ သယံဇာတတွေအကြောင်း အသိပညာတွေကို ဘုံစုပေါင်း တရုတ်ဆိုင်ရာမဟာဗျူဟာအဖြစ် ပြောင်းလဲပေးနိုင်မယ့် ဘုံစနစ်အဆောက်အအုံတွေ ကင်းမဲ့နေတာပါ။ အဲဒီ ဗဟုသုတအသိပညာ ဆိုတာဟာ အီလစ်တွေ၊ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ၊ ဒါမှမဟုတ် သံတမန်တွေသာမကဘဲ၊ သက်ရောက်မှုခံရတဲ့ ကာယကံရှင် လူမှုအသိုက်အဝန်းတွေအပေါ်မှာလည်း တာဝန်ခံမှု ရှိရပါမယ်။

ဒီလေဟာနယ် ရှစ်ခုဟာ တခုနဲ့တခု အပြန်အလှန် စစ်ကူပေး အားဖြည့်ပေး နေကြပါတယ်။ ဘေဂျင်းဟာ မြန်မာနိုင်ငံရဲ့ အကွဲကွဲအပြားပြား နိုင်ငံရေးနယ်ဝန်းထဲကို မတော်တဆ ဝင်ရောက်ဆက်ဆံနေတာ မဟုတ်ပါဘူး၊ ဒီလိုကွဲပြားနေတဲ့ အနေအထားကို အသုံးချပြီးတော့ကို အလုပ်လုပ်နိုင်နေတာပါ။ ပွင့်နေတဲ့လေဟာနယ်တခုစီတိုင်းဟာတရုတ်နိုင်ငံတော်ပါဝါ၊ နိုင်ငံတော်ကျောထောက်နောက်ခံပြု အရင်းအနှီး၊ မြန်မာ စစ်တပ်-အရင်းရှင်စနစ်တွေကို မြန်မာရဲ့ ရုပ်ဝတ္ထုပိုင်းနဲ့ နယ်မြေပိုင်းဆိုင်ရာ စနစ်တွေကို (တော်လှန်ရေးဘက်က ငြင်းဆန်ဖို့ ဒါမှမဟုတ် ပြန်လည်ပုံသွင်းဖို့ စနစ်တကျစုပေါင်းစုဖွဲ့ပါဝါ မတည်ဆောက်နိုင်ခင်မှာတင်) ပုံသွင်းခွင့် ပေးထားပါတယ်။

●အခု ဘာဆက်လုပ်မလဲ

ပုံမှန်အခြေအနေအဖြစ်သွတ်သွင်းခြင်း ဆိုတာ အနာဂတ်ကနေ လာမှာ မဟုတ်ဘဲ၊ အခုကို စတင်နေပါပြီ။

စစ်ကောင်စီဦးဆောင်တဲ့ လုပ်ငန်းစဉ်ကို ကျောထောက်နောက်ခံပြုမှု၊ အပစ်အခတ်ရပ်စဲရေး ဖိအားတွေ၊ နယ်မြေ နေရာချထား ကြီးကြပ်မှုတွေ၊ နယ်စပ် အစီအမံတွေ၊ အခြေခံအဆောက်အအုံဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ကာလရှည်ကြာ အငြင်းပွားနေရတဲ့ စီမံကိန်းကြီးတွေ တကျော့ပြန်ခေါင်းထောင်မှုတွေ၊ အစရှိတာတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ကျဉ်းမြောင်းစေတာတွေ ဖြစ်ပေါ်နေပါတယ်။ သီးခြားစီခွဲကြည့်ရင်တော့၊ တခုချင်းစီဟာ နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေ ဒါမှမဟုတ် ယာယီအစီအမံတွေအဖြစ် မြင်ရနိုင်ပါတယ်။ ဒါပေမဲ့ စုပေါင်းကြည့်လိုက်ရင်တော့၊ (သက်ရောက်မှုခံရတဲ့ ကာယကံရှင် လူမှုအသိုက်အဝန်းတွေက ကန့်ကွက်နိုင်တဲ့ ပါဝါ မရှိခင်မှာတင်) အဲဒါတွေက နိုင်ငံရေးဆိုင်ရာမေးခွန်းတွေကို အဆုံးအဖြတ်ပေးနိုင်စွမ်း ရှိနေပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီအချိန်ကာလကို “တရုတ်ကမင်းအောင်လှိုင်ကို ထောက်ခံတယ်” လို့သာ မရှုမြင်သင့်ပါဘူး။အဲဒါဟာ မပြည့်စုံပါဘူး။ ဘေဂျင်းဟာ နေပြည်တော်ရဲ့ အာဏာရှင်မဟာမိတ်ချည်းသက်သက် မဟုတ်နေသလို၊မြန်မာ့တော်လှန်ရေး ရဲဘော်ရဲဘက်လည်း မဟုတ်နေပါဘူး။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးစနစ်ကို သူ့ရဲ့ရေရှည် လုံခြုံရေး၊ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး ဦးစားပေးတွေအတွက် အသုံးဝင်လာစေဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတော်-အရင်းရှင် ပါဝါတရပ် ဖြစ်ပါတယ်။

နေပြည်တော်က ဦးဆောင်တဲ့ လုပ်ငန်းစဉ်အပေါ် သူ့ရဲ့လောင်းကြေးထပ်မှုမှာပေးဆပ်ရမယ့်တန်ဖိုး၊ ယုတ္တိတန်မှုနဲ့ ကန့်သတ်ချက်တွေ ရှိပါတယ်၊ အဲဒီကန့်သတ်ချက်တွေကပဲ စနစ်တကျစုဖွဲ့ထားတဲ့ တော်လှန်ရေးအင်အား အရေးပါနေသေးတဲ့ နေရာတွေဖြစ်ပါတယ်။

အန္တရာယ်ကတော့ နေပြည်တော်နဲ့ ဘေဂျင်းဟာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သူတို့ရဲ့သတ်မှတ်ချက်တွေကို ကန့်ကွက်ဖို့ ဒါမှမဟုတ် ငြင်းဆန်ဖို့ လုံလောက်တဲ့ စုပေါင်းပါဝါ မတည်ဆောက်နိုင်ခင်မှာတင် မြန်မာနိုင်ငံရဲ့ နောက်ထပ်နိုင်ငံရေးစနစ်ကို ပုံသွင်းသွားနေတာပါ။ လက်ရှိ အင်အားချိန်ခွင်လျှာအရ၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘေဂျင်းကို သူ့ရဲ့ မြန်မာမူဝါဒကို ပြောင်းလဲဖို့ အတင်းအကျပ် ဖိအား ပေးနိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့ ဘေဂျင်း တွက်ချက်ရမယ့် မြေပြင်အခင်းအကျင်းကိုတော့ ပြောင်းလဲနိုင်ပါသေးတယ်။ အဲဒါကတော့တော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာ အနိမ့်ဆုံး ကြမ်းခင်း ဘုံစံနှုန်းတွေကို တည်ဆောက်နိုင်ခြင်းပါပဲ။တဖွဲ့ချင်းစီ သီးခြား ရှင်သန်ရေးအပေးအယူတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ် ဖြစ်မလာအောင် တားဆီးပေးမယ့် အနိမ့်ဆုံး စည်းတားချက်တွေပါ။

ဒီဘုံစံနှုန်းတွေဟာ တိတ်တဆိတ် အပေးအယူတွေကို မြင်သာထင်သာ ရှိစေရပါမယ်၊ အရေးပေါ် ရှင်သန်ရေးနဲ့ စနစ်အဆောက်အအုံဆိုင်ရာလိုက်လျောမှု နှစ်ခုကို ခွဲခြားရပါမယ်၊ ပြီးတော့ ဆုံးဖြတ်ချက်တွေ မြေပြင်မှာ အမှန်တကယ် ခိုင်မာမသွားခင်မှာ သက်ရောက်မှုခံရတဲ့ လူမှုအသိုက်အဝန်းတွေကို ဆုံးဖြတ်ချက်တွေအပေါ် ကန့်ကွက်နိုင်တဲ့ ပါဝါကို ပေးအပ်ရမှာပါ။

မြန်မာနိုင်ငံရဲ့အနာဂတ်ကိုသတ်မှတ်မယ့်အစီအမံတွေကိုအခုအချိန်မှာပြုလုပ်နေကြပါပြီ။အနာဂတ်ကိုပြည်သူလူထုရဲ့ အထက်ကနေ ဆုံးဖြတ်သွားတာကနေ ကာကွယ်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေဟာ စနစ်တကျ စုဖွဲ့ထားတဲ့ပါဝါနဲ့ ဘုံသတ်မှတ်ချက်တွေကို တည်ဆောက်ကြရမှာပါ။ မေးခွန်းကတော့ ဒီအနာဂတ်ကို ဘယ်သူက ဖန်တီးနေသလဲ၊ ပြီးတော့ ဘယ်သူ့သတ်မှတ်ချက်တွေနဲ့ဖန်တီးနေသလဲဆိုတာသာဖြစ်ပါတယ်။ ။

(ငြိမ်းငြိမ်းပြည့်ဟာ မြန်မာနိုင်ငံက ဂျာနယ်လစ်၊ တော်လှန်ရေးသမား၊ မှတ်တမ်းရုပ်ရှင်ဖန်တီးသူတဦးဖြစ်ပါတယ်။)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။