စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေ (စစ်မှုမထမ်းမနေရ ဥပဒေ)ကို အသက်သွင်းကြောင်း ကြေညာခဲ့ပြီး ၅ လ အကြာမှာတော့ အမျိုးသမီးတွေဖက်ကိုပါ ဦးလှည့်လာပါပြီ။ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား အမျိုးသမီးငယ်တွေလည်း ဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ အစောပိုင်းတုန်းကတော့ စစ်ကောင်စီဟာ အမျိုးသမီးတွေကို စစ်မှုထမ်း အဖြစ်ကနေ ကင်းလွတ်ခွင့် ပေးထားခဲ့ပါသေးတယ်။ အခုအခါမှာ စစ်တပ် လက်အောက်ခံ ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေဟာ နိုင်ငံအနှံ့မှာ ကိုယ်ဝန်ဆောင်တွေ၊ ငယ်ရွယ်တဲ့ သားသည်အမေတွေတောင် မချန်ဘဲ စစ်မှုထမ်း စုဆောင်းမှုတွေကို အစပျိုးလာခဲ့ပါပြီ။
စစ်တပ်ရဲ့ အရိုးစွဲနေတဲ့ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှု၊ အကြမ်းဖက်မှု သမိုင်းကြောင်းနဲ့ နာမည်ပျက်တွေကြောင့် အခုလိုမျိုး မိန်းကလေးတွေကို အဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းတဲ့ ကိစ္စဟာ လုံခြုံရေးအရ အတော်ကြီး စိတ်ပူစရာ ဖြစ်လာမှာပါ။ စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ခံရတဲ့ မိန်းကလေးတွေ၊ အမျိုးသမီးတွေဟာ ရှေ့တန်း စစ်မြေပြင်တွေမှာ တာဝန်ပေးအပ် မခံရလောက်ဘူးဆိုတဲ့ ခန့်မှန်းချက်တွေတော့ ရှိပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီဟာ သူတို့ကို လူသားဒိုင်းတွေအဖြစ် အသုံးချဖို့၊ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ တာဝန်တွေကို မညှာမတာ ပေးအပ်ဖို့ နည်းနည်းလေးမှ ငဲ့ညှာနေမှာ မဟုတ်ပါဘူး။
စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေချိန် အတောအတွင်း မိန်းကလေးတွေ၊ အမျိုးသမီးတွေဟာ စစ်သားတွေရဲ့ မုဒိမ်းကျင့်မှု၊ လိင်အကြမ်းဖက်မှုတွေကနေ ကင်းလွတ်နေပါ့မယ်ဆိုတဲ့ ဘာအာမခံချက်မှလည်း မရှိပါဘူး။ ပြည်တွင်းမှာတော့ ဒီကိစ္စမျိုးတွေမှာ ကျူးလွန်သူတွေကို မှန်ကန်မျှတတဲ့ တရားစီရင်မှုဆီ ပို့ဆောင်မယ့် လက်တွေ့ကျတဲ့ လမ်းကြောင်းလည်း မရှိပါဘူး။ ဒါ့အပြင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်သွင်းရေးဆွဲထားတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ တရားစီရင်ရေး ကိစ္စတွေကိုလည်း စစ်တပ်ကသာ ထိန်းချုပ်ထားပြီး အရပ်သားတွေရဲ့ ပါဝင်စီမံခွင့် ကင်းမဲ့နေပါတယ်။ အခုအခါ တရားသူကြီးတွေကို စစ်ကောင်စီကပဲ စိတ်ကြိုက် ခန့်အပ်ထားပြီး စစ်သားတွေ ဘာလုပ်လုပ် အလွန်အကျွံ အကာအကွယ် ပေးထားတာကြောင့် စိတ်တိုင်းကျ ထင်တိုင်းကြဲဖို့ ဆက်ပြီး အခွင့်အရေး ရနေကြပါတယ်။

Public Service Announcement
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ် အာဏာသိမ်းလိုက်ချိန် ကတည်းက မြန်မာနိုင်ငံရဲ့ အမျိုးသမီး အခွင့်အရေး ကဏ္ဍဟာ အစဉ်တစိုက် ဆုတ်ယုတ် ကျဆင်းလာခဲ့ပြီး ကျိုးပဲ့ပျက်စီးသွားတဲ့ တရားစီရင်ရေး စနစ်၊ (အထူးသဖြင့် တိုင်းရင်းသား နယ်မြေတွေမှာ) တိုးပွားလာတဲ့ အိမ်တွင်း အကြမ်းဖက်မှုလို ကိစ္စကြောင့် အခြေအနေ ဆိုးသထက် ဆိုးလာပါတော့တယ်။ ကရင်နီ အမျိုးသမီး အစည်းအရုံး၊ ကရင် အမျိုးသမီး အစည်းအရုံး၊ မြန်မာ့ အမျိုးသမီး သမဂ္ဂတို့လို အရပ်ဖက် အဖွဲ့အစည်းတွေက တင်ပြတဲ့ မှတ်တမ်း အချက်အလက်တွေမှာ စစ်ကောင်စီက အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ မြင့်တက်လာတာကို တညီတညွတ်တည်း ဖော်ပြထားကြပါတယ်။ အချုပ်အနှောင် ခံနေရတဲ့ အခြေအနေမှာ နိုင်ငံရေး အကျဉ်းသူတွေဟာလည်း လွန်ကဲတဲ့ ဖိနှိပ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ကြုံနေရကြပါတယ်။
နောက်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး စစ်တပ်လက်ချက်ကြောင့် သေဆုံးတဲ့ အရပ်သား အချိုးအစားမှာ အမျိုးသမီးတွေ ပါဝင်မှုက ငါးပုံတစ်ပုံ၊ အရေအတွက်အားဖြင့် ၁၀၀၀ ကျော် ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။ ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာလည်း လိင်အကြမ်းဖက်မှုတွေ၊ လိင်ကွဲပြားမှုကို အခြေပြုတဲ့ အမျိုးမျိုးသော ဖိစီးနှိပ်စက်မှုတွေဟာ တောက်လျှောက် တိုးလာနေတယ်ဆိုတာ ဖော်ပြပါရှိခဲ့ပါတယ်။
အခုနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့မှာတော့ မြန်မာနိုင်ငံ အခြေစိုက် အမျိုးသမီး အစည်းအရုံး ၈ ခုဟာ စစ်ကောင်စီက အဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းမယ့် ဥပဒေ ကြေညာချက်နဲ့ ပတ်သက်ပြီး ရှုတ်ချသွားခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေကို အတင်းအကျပ် စစ်မှုထမ်းစေရာကနေ လိင်အခြေပြု အကြမ်းဖက်မှုတွေ၊ အမြတ်ထုတ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ ကြုံလာနိုင်တဲ့ အန္တရာယ်တွေအပေါ် အထူးပြု စိုးရိမ်ရတဲ့ အချက်တွေကို မီးမောင်းထိုးပြထားခဲ့ပါတယ်။
အမျိုးသမီး အဖွဲ့အစည်းတွေက အမျိုးသမီးထုအပေါ် စစ်တပ်က စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် အခွင့်အရေး ချိုးဖောက်မှုတွေ ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တာကို ထောက်ပြရင်း အဓမ္မ စစ်မှုထမ်းဖို့ ခိုင်းစေခံရတဲ့ အမျိုးသမီးတွေဟာ မုဒိမ်းမှု၊ အုပ်စုဖွဲ့ မုဒိမ်းမှု၊ လိင်ကျွန်ပြုမှုနဲ့ တခြားသော ရက်စက်ကြမ်းကြုတ်တဲ့ လိင်အကြမ်းဖက်မှု ပုံစံတွေ၊ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်အကြမ်းဖက်မှုတွေကို ကြုံရနိုင်ကြောင်း၊ စစ်တပ်ဟာ အဲဒီလုပ်ရပ်တွေကို ကာလရှည်ကြာ ကျူးလွန်ခဲ့တာကို တွေ့နိုင်ကြောင်း ကြေညာခဲ့ပါတယ်။
စစ်မှုထမ်း ဥပဒေကြောင့် အန္တရာယ်မကင်းတဲ့ အခြေအနေ ဖြစ်လာခြင်းနဲ့အတူ ထောင်ပေါင်းများစွာသော အမျိုးသမီးတွေဟာ နိုင်ငံကို စွန့်ခွာ ထွက်ပြေးရတာမျိုး ရှိလာနိုင်ပါတယ်။ အဲဒီရွေးချယ်မှုကလည်း သူ့နည်းသူ့ဟန်နဲ့ အန္တရာယ်တွေ ခိုအောင်းနေဦးမှာ ဖြစ်ပါတယ်။ ရွေးချယ်စရာ နည်းလမ်းတွေ အရမ်းနည်းနေတဲ့ အခါမှာ အမျိုးသမီးတွေဟာ နိုင်ငံကနေ စွန့်ခွာ ထွက်ပြေးဖို့အတွက် အန္တရာယ်များတဲ့ ကိစ္စတွေကို အားကိုးရတာမျိုး ဖြစ်လာနိုင်ပါတယ်။ အဲဒီအခြေအနေက သူတို့အတွက် လူကုန်ကူးမှုနဲ့ တခြား အမြတ်ထုတ်မှုတွေရဲ့ သားကောင် ဖြစ်သွားနိုင်ခြေတွေ ပိုများလာစေပါတယ်။ မိသားစု အသီးသီးဟာ သူတို့ချစ်ခင်တဲ့ သမီးပျိုတွေကို ကာကွယ်ဖို့ ပွဲစားတွေ၊ အေးဂျင့်တွေကို အားကိုးရမယ့်အခြေ ဆိုက်နေပေမယ့် အကျိုးအမြတ် များပြီး ကောင်းမွန်တဲ့ မက်လုံးတွေ ရှိလာရင် အဲဒီ အေးဂျင့်တွေ ကိုယ်တိုင်က အန္တရာယ် ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးတွေတင် မကဘဲ လိင်စိတ်ကွဲပြားသူ LGBTQ အသိုက်အဝန်းမှာလည်း တူညီတဲ့ ဘေးအန္တရာယ်မျိုး ဖိစီးနေမှာပါ။ အဓမ္မ ခိုင်းစေ ခံရတာ၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံ ခံရတာ၊ အမြတ်ထုတ်ခံရတာမျိုး အခြေအနေတွေကို သူတို့လည်း ကြုံနိုင်ပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေကို တုံ့ပြန်ဖို့အတွက် အမျိုးသမီး အဖွဲ့အစည်းတွေဟာ လူမှုကူညီရေး လုပ်ဆောင်ချက်တွေနဲ့ နိုင်ငံရေးအရ ပံ့ပိုးမှုတွေကို အရှိန်အဟုန် မြှင့်တင်ဖို့ ကြိုးစားလာပါတယ်။ အဖွဲ့အစည်းအလိုက် လူ့အခွင့်အရေး ရှုထောင့်က ပညာပေးမှုတွေ၊ နိုင်ငံရေးအရ အံတုမှုကို အားပေးတာတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ဓမ္မတာနဲ့ နို့တိုက် အာဟာရပြုမှု အထောက်အပံ့ ပစ္စည်းတွေ ဖြန့်ဝေတာတွေကို အားထုတ် လုပ်ဆောင်လာကြပါတယ်။
ကိုယ်တိုင် အငြှိုးထား ဖြိုခွင်းခံရနိုင်တဲ့ အန္တရာယ်တွေ၊ ဘဏ္ဍာရေး အကန့်အသတ်တွေ ရှိနေတဲ့တိုင်အောင် အမျိုးသမီး အဖွဲ့အစည်းတွေဟာ အကာအကွယ် မဲ့နေတဲ့၊ စစ်ဒဏ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေ၊ ကလေးတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ အကူအညီတွေ လက်ခံ ရရှိနိုင်ရေးအတွက် ပိုမို အားထုတ် ကြိုးစားလာကြပါတယ်။ စစ်မှု မထမ်းမနေရ စနစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆန့်ကျင်နေတဲ့ အဲဒီအားထုတ်မှုတွေကို နိုင်ငံတကာ အသိုက်အဝန်းက ပိုပြီး ထဲထဲဝင်ဝင် အားပေးကူညီသင့်ပါတယ်။ ကိုယ့်မိသားစုတွေကို ဒုက္ခပင်လယ်ဝေအောင်၊ တကွဲတပြားစီ ဖြစ်ရအောင် လုပ်ခဲ့တဲ့ အဓိက စစ်ရာဇဝတ်မှု တရားခံ အကြမ်းဖက် စစ်ကောင်စီအတွက် ပြည်သူတွေက စစ်တိုက်ပေးနေရတယ် ဆိုတာဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။
မြန်မာနဲ့ ထိုင်းကြားမှာ ဒုက္ခသည်အရေး တရားဝင် စာချုပ်စာတမ်းတွေ လက်မှတ်ရေးထိုးထားတာမျိုး မရှိပေမယ့် ထိုင်းအစိုးရဟာ နယ်စပ်တလျှောက်မှာ ရှိနေတဲ့ ဒုက္ခသည်တွေရဲ့ နေရာထိုင်ခင်း ကိစ္စကို ဆယ်စုနှစ်တွေနဲ့ချီ ကူညီ စီစဉ်ပေးခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ ဒုက္ခသည် အရေးကို နှစ်နှစ်ကာကာ သဘောထားမျိုးနဲ့ ကိုင်တွယ်ရင်း လိင်ကွဲပြားမှု ရှုထောင့်ကို အလေးပေး စဉ်းစားဖို့၊ အခြေခံ အကျဆုံးအဆင့် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေနဲ့ ထိတွေ့ဖို့ကို ဦးစားပေးသင့်ပါတယ်။ အဲဒီလို အားထုတ်မှုတွေကလည်း အကာအကွယ် မဲ့နေတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာတို့ကို စူးစိုက်ထားသင့်ပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့လို အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့လည်း ခိုလှုံရာ ရှာဖွေလာသူတွေကို ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အရေးလို အကူအညီ လက်လှမ်းမီအောင် ထောက်ပံ့ပေးသင့်ပါတယ်။
တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့တွေကလည်း အရေးပေါ် တုံ့ပြန်ပေးအပ်ရမယ့် အကူအညီတွေကို တိုက်ရိုက်ကျကျ၊ အခြေအနေနဲ့ လိုက်လျောညီထွေမှုရှိရှိ ပံ့ပိုးပေးနိုင်ရေး အားထုတ်ရမှာပါ။ ဥပမာ ထိုင်းနဲ့ နယ်စပ်တလျှောက်မှာ ရှိနေတဲ့ အကာအကွယ် ကင်းမဲ့သူတွေ၊ စစ်ရှောင် ပြည်သူတွေကြားမှာ အိမ်တွင်း အကြမ်းဖက်မှု၊ လိင်ကွဲပြားမှု အခြေပြု အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ရင် ထိရောက်တဲ့ တုံ့ပြန်မှုတွေ ရှိဖို့ လိုပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူတွေက ယုံကြည် အပ်နှင်းထားတဲ့ တရားဝင် အစိုးရ မဟုတ်ဘူး ဆိုတာကို နိုင်ငံတကာက သဘောပေါက် လက်ခံထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုက်အဝန်းဟာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေကို ပိုမိုထိတွေ့ ဆက်ဆံပြီး အကြမ်းဖက်မှုတွေအတွက် အင်မတန် ကျော်ဇောတဲ့ စစ်ကောင်စီရဲ့ တရားဝင်မှုကို အသိအမှတ် ပြုခြင်းကနေ ရှောင်ဖယ်နိုင်မှာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့ရဲ့ အကြမ်းဖက် စစ်သားတွေဟာ လူထုအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန် ယူကိုယူရပါမယ်။ အာဏာကို အငမ်းမရ ထိန်းချုပ်ဖို့ နောက်ဆုံး ကောက်ရိုးမျှင်အဖြစ် စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီက အသည်းအသန် အသက်သွင်းခဲ့တာပါ။ လွန်ခဲ့တဲ့ သုံးနှစ်တာ ကာလကို လည်ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေဟာ ရှည်လျားတဲ့ ခရီးကို လျှောက်လှမ်းရင်း တိုးတက်မှုတွေ အများကြီးကို ယူဆောင်လာခဲ့သလို ခေါင်းဆောင်မှု အခန်းကဏ္ဍ အများအပြားမှာ ပါဝင်လာကြပါပြီ။ ဒါပေမဲ့ ဥပဒေ ဗန်းပြပြီး အမျိုးသမီးတွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်းဟာ သူတို့ရဲ့ အခွင့်အရေးတွေကို နောက်ပြန်ဆွဲတဲ့ အဓိပ္ပါယ်ပါပဲ။ လိင်ကွဲပြားသူတွေကြား ပိုမို ကောင်းမွန်မျှတတဲ့ အခွင့်အရေးတွေ ထူထောင်ရေးဟာ တော်လှန်ရေး လှုပ်ရှားမှုရဲ့ အခြေခံ အုတ်မြစ်တစ်ခုအဖြစ် ပိုမိုပေါ်လွင်လာအောင် စုပေါင်း ပံ့ပိုး အားပေးကြရမှာ ဖြစ်ပါတယ်။
