Connect with us

Hi, what are you looking for?

ဝတ္ထုတို

လူတယောက်နဲ့ အခန်းတခန်း’

“ ဒုန်း” ဆိုတဲ့ အသံနက်ကြီးနဲ့အတူ ​ဝင်​​ဆောင့်မှု​တခုကို ခံစားလိုက်ရတယ်။ အဲ့​နောက် ငါ့ခန္ဓာကိုယ်ရဲ့ အ​​သေးဆုံး ယူနစ်ဖြစ်တဲ့ သဲမှုန့်​လေးများ လွင့်ဖွာသွားတယ်။ တချို့က အောက်ဆုံး ကြမ်းပြင်မှာ အနည်ထိုင်သွားတယ်။ တချို့က ဟို​​မျော ဒီလွင့်၊ ဟို​ရောက်၊ ဒီကပ်နဲ့ အနယ်နယ်အရပ်ရပ်သို့ စုန်ဆန်​နေကြတယ်။ ငါ့ရဲ့ အ​ခြေခံ ပင်မ အုတ်မြစ်ဖြစ်တဲ့ သဲမှုန့်လေး​​​တွေ ​ကြောက်လန့်တကြားနဲ့ ​ဆောက်တည်ရာမရ၊ ဦးတည်ရာမဲ့ ​တွန်းထိုး​နေသံကို အတိုင်းသား ကြား​နေရတယ်။

◼️ နွယ်ငြိမ်းညိမ်

“ ဒုန်း” ဆိုတဲ့ အသံနက်ကြီးနဲ့အတူ ​ဝင်​​ဆောင့်မှု​တခုကို ခံစားလိုက်ရတယ်။ အဲ့​နောက် ငါ့ခန္ဓာကိုယ်ရဲ့ အ​​သေးဆုံး ယူနစ်ဖြစ်တဲ့ သဲမှုန့်​လေးများ လွင့်ဖွာသွားတယ်။ တချို့က အောက်ဆုံး ကြမ်းပြင်မှာ အနည်ထိုင်သွားတယ်။ တချို့က ဟို​​မျော ဒီလွင့်၊ ဟို​ရောက်၊ ဒီကပ်နဲ့ အနယ်နယ်အရပ်ရပ်သို့ စုန်ဆန်​နေကြတယ်။ ငါ့ရဲ့ အ​ခြေခံ ပင်မ အုတ်မြစ်ဖြစ်တဲ့ သဲမှုန့်လေး​​​တွေ ​ကြောက်လန့်တကြားနဲ့ ​ဆောက်တည်ရာမရ၊ ဦးတည်ရာမဲ့ ​တွန်းထိုး​နေသံကို အတိုင်းသား ကြား​နေရတယ်။

ခံစား​နေရတယ်။ ငါ့ရဲ့ အတွင်းသား​တွေ နာကျင်တယ်။ အတွင်း​ကြေဆိုတာ ဒါမျိုး ​​ပြောတာ ထင်ပါရဲ့။

အဆိုး​လောကဓံ​​ ရိုက်ချက်တွေကို ဒီလပိုင်းတွင်းမှာ တတောင်ပြီး တတောင်၊ တချီပြီး တချီ ​ကျော်ဖြတ်ပြီး ဖြစ်​ပေမယ့် မဆုံးနိုင်​သေးဘူးဘဲ။ ​ဂုဏ်ထူးမှတ်များနဲ့အတူ၊ ထိခိုက်အနာတရကင်းစွာ ​ကျော်လွှားနိုင်ခဲ့ခြင်း မဟုတ်​ပေမယ့် ကိုယ်စွမ်းသ​​လောက်​​တော့ ကိုယ် ကြိုးစားခဲ့ပါတယ် ဆိုတာ​တော့ ကိုယ့်ကိုယ်ကိုယ် ​တပ်အပ် အာမခံနိုင်ပါတယ်။ စဥ်းစားကြည့်​လေ။ ငါဟာ (၇.၇) နဲ့ (၆.၂) ရစ်ချက်စတာစ​ကေးရှိတဲ့ အပြင်းစား ငလျင်ရိုက်ချက်​နှစ်ဆင့်ကို အံကိုကြိတ်၊ မာန်ကိုတင်းလို့ ကြံ့ကြံ့ခံနိုင်ခဲ့တယ်မို့လား။ မျက်နှာတချက် မပျက်၊ ​သွေးတ​​စက် မထွက်ခဲ့တာ​တော့ မဟုတ်ဘူး​ပေါ့။ ဒါ​ပေမယ့် ငါဟာ ငါ့ခန္ဓာကိုယ်၊ ငါ့အရိပ်အာဝါသ​အောက်မှာ မှီတင်း ​နေထိုင်တဲ့ ​​ကောင်မ​လေးတယောက် ​ခိုကိုးရာမဲ့ မဖြစ်သွား​အောင်​တော့ ငါ့ရဲ့ ကိုယ်ခံအားကို အဆုံးစွန်ထိ ဖြန့်ကျက်ပြီး မပြိုလဲ​​​အောင်၊ မယိုင်နဲ့​အောင် ​ထောက်ကန်ထားနိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကံ​ကောင်း​ထောက်မစွာနဲ့၊ အတွင်းသား ထိခိုက် ဒဏ်ရာ အနည်းငယ်နဲ့ အပြင်ပိုင်း အက်​ကြောင်းဒဏ်ရာအချို့သာ ရခဲ့တယ်။ ငါ့ရဲ့ အ​ရေပြား​​ပေါ်မှာ ပက်ကြားအက်​​သော ​မြေကြီးလို အလျားလိုက်၊ ​ဒေါင်လိုက်အနေအထားများ ရှိတဲ့ ကန့်လန့် အစင်း​ကြောင်း၊ အက်ကွဲ​ကြောင်းမျိုးစုံ စွန်း ထင်းလာတယ်။ နဂိုမူလက တခုနဲ့ တခု အံဝင်ခွင်ကျဖြစ်ကာ ထိကပ် အချိုးကျ​နေတဲ့ နံရံ​ထောင့်စွန်းများဟာ ကွာဟသွားတယ်။ ​နောက်ပြီး ​​​ငါ့ရဲ့ ​ကျောဘက် နံရံပြင်ကျယ် ထိပ်နား၊ တဖက်​ထောင့်မှ ​နောက်တဖက်​ထောင့်ဆီထိ အက်​ကြောင်းရာကြီးတခု ပေါ်လာတယ်။ ငါ့ရဲ့ ဝင်​ပေါက် ဒါမှမဟုတ် ငါ့ရဲ့ ပါးစပ်ပေါက်အထက်နား မြင့်မြင့်မှာ ရှိတဲ့ အ​​ရေပြားဟာ အ​ပေါ်ယံ အ​ရေခွံဖြစ်တဲ့ အင်္ဂ​တေ​ဆေး​တွေ လုံးဝ ဖွာလန် ကွဲအက်သွားလို့ ငါ့ရဲ့ အတွင်းသား အုတ်နီခဲ စီစီရီရီ​လေး​​​တွေ ထွက်​ပေါ်လာတယ်။ ကံ​​ကောင်းသွားတာက အုတ်နီခဲ​ တခုနဲ့ တခုကို မြဲမြံစွာ တွဲချည်​နှောင်ထားတဲ့ အရွတ်ဆိုင်း​​တွေ ပြုတ်ထွက်မသွား​တော့ အုတ်နီခဲများ အလုံး​လိုက် ပြုတ်ကျလာတာမျိုး​​တော့ မရှိခဲ့ဘူး။

ငါဟာ အိမ်ရဲ့ ​နောက်ဖက်အကျဆုံးနဲ့ လမ်းမနဲ့ အ​ဝေးဆုံး​နေရာမှာ တည်ရှိလို့ အသံဗလံ​တွေ​​ကြောင့် တုန်ခါရတာမျိုး နည်းတယ်။ အ​ခြေအ​နေ​တော်​တော်များများမှာ ငါဟာ တည်တည်ငြိမ်ငြိမ်၊ ရိုးရိုးကုပ်ကုပ်၊ မားမားမတ်မတ် ​နေနိုင်ခဲ့တယ်။ အခု ဒီတခေါက် ငလျင်အကြီးအကျယ် လှုပ်​တော့မှ ငါ့ရဲ့ သမာဓိ၊ သတ္တိ၊ သတိနဲ့ ပစ်တိုင်း​ထောင်လို ရုန်းပြန်နိုင်စွမ်း​ အရည်အချင်း​တွေဟာ စာ​မေးပွဲစစ်​ခံလာရတယ်။ ​မေးခွန်းထုတ်ခံလာရတယ်။ ခက်ခဲ ကြမ်းတမ်းတဲ့ မိုး​ထဲ ​လေထဲမှာ ထိခိုက်ဒဏ်ရာ မရ​အောင် ​နေနိုင်တာက ​​အောင်မြင်မှု မဟုတ်ဘဲ ဒဏ်ရာ အမာရွတ်များကို အသိအမှတ်ပြု လက်ခံ၊ ​ဆေးထည့်၊ ကုသပြီး​​နောက် ရှေ့ဆက် ​လျှောက်လှမ်းနိုင်တာမျိုး၊ ရပ်တည် ရှင်သန်နိုင်တာမျိုးကသာ ​အောင်မြင်မှုအစစ် မဟုတ်လား။

ငါဟာ ဘယ်အတိုင်းအတာအထိ ​တောင့်ခံထားနိုင်မလဲဆိုတာ ငါ့ကိုယ်ငါ အ​သေအချာ မသိဘူး။ ​ငါဟာ ဝုန်းခနဲ၊ ဗိုင်းကနဲ​တော့ မပြိုလဲသွား​လောက်ပါဘူး။ ကောင်မ​​လေး ဖွင့်​နေကျ “ အားလုံးကို ​ကျော်ဖြတ်ရမယ်” သီချင်း​လေးလိုပဲ သံသရာဆန်သော စိန်​ခေါ်မှုများကို ​​အောင်နိုင်ပြီးရင်​တော့ ကျီးလန့်စာ စား​​နေရသလို အဖြစ်မှ ကင်း​ဝေးရ​ကောင်းပါရဲ့။ ​​​နွေမိုး​ဆောင်း၊ အ​ကောင်းအဆိုး​တွေ ကြုံရမယ်။ ငိုချင်း​တွေ ​ကျော်လွန်ပြီးသွားရင်လည်း ပြုံး​ရယ်ရခြင်း​ ​နေ့ရက်​တွေ ​ရောက်လာဦးမှာ​ပေါ့။ နောက်ပြီး ​​ကောင်မ​လေးရဲ့ ခံယူချက်အတိုင်းပဲ ​​​​ရှေ့အ​ဝေးကြီးကို ​မျှော်​မောမ​နေဘဲ တရက်ချင်းစီကို ပျာယာမခတ်၊ မပူမ​လောင် ဖြတ်သန်းသွားနိုင်ခြင်းသည်ပင် ငါ့ရဲ့ ​တနေ့တာ ​အောင်မြင်မှု ​သေး​​​သေး​လေး​တွေပဲမဟုတ်လား။ ။

(The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ

‘​​​​​နွယ်ငြိမ်းညိမ်’ ရေးဖွဲ့တဲ့ “​​လူတယောက်နဲ့ အခန်းတခန်း” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “ The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ