ပိုင်ဉာဏ်
ရန်ကုန်မြို့ကြီးရဲ့ချစ်ရသူတွေ သူ့ဆီကနေ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ထွက်ခွာသွားရတော့ မြို့ဟာ ညရဲ့အမှောင်ထုထဲ ဦးတည်ရာမဲ့ ပစ်လွှတ်ခံလိုက်ရတဲ့ မီးကျည်စတွေလို ကိုယ့်အရေပြားကို ချုပ်စက်ပေါ်မှာ ကိုယ်တိုင်လွှာပြီး ကျန်ရစ်ခဲ့သူတွေအပေါ် အနွေးဓာတ်ကို သူ့အသက်နဲ့ရင်းပြီး လွှားတင်ပေးခဲ့ ကြယ်တွေမှာ ကိုယ်ပိုင်နာမည်တွေ ရှိကြပြီး အရပ်မျက်နှာတွေမှာ ကိုယ်ပိုင်မှတ်ဉာဏ်တွေ ရှိကြပြီး ငါတို့အားလုံးရဲ့ ကိုယ်ပိုင်အမှတ်တွေဆီ အရောက်မှာ မီးလင်းအိမ်တွေကို မှိတ်ချလိုက်ချိန်မှာ ဥသြသံသဲ့သဲ့ပဲ ကြားလိုက်ရတဲ့ သန်းခေါင်ယံ ရထားတစ်စင်းရဲ့ မီးခိုးတန်းတွေလို ငါတို့ ကွာဝေးခဲ့ ဘန်နာတလွင့်လွင့် ရက်တွေ ပြီးတော့ မီးခိုးတလွင့်လွင့် လတွေ နေလိုလလို တိမ်လိုမြူလို နှစ်များမှာ ငါတို့ရဲ့ခွာတွေကို ငါတို့ခြေကနေ ဖြုတ်ယူပြီး မြို့ရဲ့ ထုပ်တန်းပေါ် ဒီစောက်ကာလတရားနဲ့ အတူတူ တင်ထားလိုက်တယ် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်မှာ မီးလောင်နေတဲ့ အသက်ကယ်လှေတစ်စင်းလို ငါတို့အားလုံး နှင်းဆီဖြူရဲ့ အဝေးကလူတွေချည်းပါပဲလေ အိမ်မရှိတဲ့ အရပ်မှာ မင်းရှိနေပေမယ့် သမိုင်းရဲ့ ရက်စက်တဲ့ တိုက်လေတွေကြား မင်းတအား ခိုက်ခိုက်တုန်နေတဲ့ အချိန်တိုင်းမှာ မြို့က တောနက်နက် တောင်ထူထူတွေကို ဖြတ်ပြီး သူ့အနွေးဓာတ်ကို မရမက ဆန့်ထုတ်လို့ ရင်ဘတ်နဲ့ မဆန့်မပြဲ လမ်းတွေဟာ သူတို့ကိုယ်အနှံ့ နေရာမလပ် ဓာတ်ဆီလောင်းချပြီး လောင်ကျွမ်းပစ်လို့ အဲဒီ မီးလောင်ပြင်တွေကို ငါတို့လို နိုင်ငံလေးရဲ့ သွေးနီရင်ပြင်ကြီးအဖြစ် သမုတ်ကြလို့ ငါတို့ခေတ်ကြီးထဲ ပျောက်ဆုံးသွားသူတွေရဲ့ အရိပ်များကို ကြိုဟောစာတမ်းအတိုင်း နွေဦးပေါက်ရာသီက ငါတို့ဝိညာဉ်တွေကို ငါတို့ကိုယ်တွေဆီ ပြန်ရောက်လာအောင် ရေဘဝဲတွေလို ပြုစားကြမှာ
အဝေးအရပ်တွေမှာ
တိမ်အုပ်တွေဆီ ကြည့်ငေးရင်း
မင်းလုပ်ဖို့လိုတဲ့ တစ်ခုတည်းသောအရာက
အိမ်အရပ်ဆီ မျက်နှာမူဖို့
အိမ်အရပ်ဆီ ဖုန်းခေါ်ဖို့
ပြီး အိမ်အရပ်ဆီ အရောက်ပြန်လာဖို့
( နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက်- ခင်ဝမ်း)

Public Service Announcement
(The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’ပိုင်ဥာဏ်’ ရေးဖွဲ့တဲ့ ““အိမ်အရပ်ဆီ မျက်နှာမူထားကြသူတွေအတွက် အချစ်ကဗျာတပုဒ် “ ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































