တာပလု
သူ့ကို “မိုး” လို့ ခေါ်ကြတယ်။ နာမည်အပြည့်အစုံကို မြန်မာအချင်းချင်းက ခေါ်ရတာလွယ်ပေမယ့် ထိုင်းတွေက “မိုး” လို့ခေါ်ရတာ ပိုလွယ်ပုံရတယ်။ မိုးဆိုတဲ့အသံကို ပီပီသသ အသံထွက်လို့ရတယ်လို့ ပြောလို့ရမှာပါ။ မြန်မာနိုင်ငံသားတွေရဲ့ နာမည်ကို ထိုင်းတွေအခေါ်ရခက်တာ အသံထွက်ရခက်တာတွေ ရှိပါတယ်။
“မိုး” ဆိုတဲ့ အသံကိုတော့ ပီပြင်အောင် ထွက်လို့ရတာမျိုး။ နာမည်ကို အဖျားဆွတ် ခေါ်ကြတာကိုတော့ သိချင်မှ သိကြမှာပါ။ သူအလုပ်လုပ်နေတဲ့ ထိုင်းလူမျိုးပိုင် ဧည့်ဂေဟာလေးမှာတော့ မြန်မာတွေ သူ့ကိုသိကြပါတယ်။
ဒီဧည့်ဂေဟာမှာ မြန်မာနိုင်ငံသားအများစု တည်းခိုနေထိုင်ကြတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကနေ ရှောင်တိမ်း ထွက်လာကြတဲ့သူတွေက အများစုပါ။ အိမ်ရှင် ထိုင်းလူမျိုးနဲ့ လာတည်းခိုကြတဲ့ မြန်မာတွေကြားမှာ “မိုး” က ဘာသာပြန်လုပ်ပေးတယ်။

Public Service Announcement
မိုးက စစ်ဖြစ်နေတဲ့ ကရင်နီကနေ ထိုင်းနိုင်ငံကို ရောက်လာတာ ၂ နှစ်ပဲရှိသေးတယ်။ ထိုင်းစကားကို လည်လည်ဝယ်ဝယ် ပြောတတ်နေပြီ။ ဘယ်လိုများ သင်ယူလိုက်သလဲဆိုတာကို တချို့ကလည်း အံ့ဩနေကြတယ်။
ဒီနေရာမှာ မိုးတယောက်ရှိနေတာက ဒီကိုလာတည်းခိုတဲ့ မြန်မာတွေအတွက် အတော်လေး အဆင်ပြေစေတယ်။အကြောင်းကြီးငယ် တခုခုဆို မိုးကို တန်းပြီးပြောပြလိုက်တာနဲ့ ကိစ္စတခု ပြီးမြောက်စေမှာပဲ ဖြစ်ပါတယ်။ ကြားခံပြောပြရမယ့်အရာကို ပြောပေးတယ်။ အိမ်ရှင် ထိုင်းလူမျိုးက မြန်မာဧည့်သည်တွေကို တခုခု ပြောချင်တာရှိရင်လည်း မိုးဆီကတဆင့် သွားရတာမျိုးပါ။
“မိုး” က ဒီနေရာကို လွယ်လွယ်ကူကူနဲ့ ရောက်လာတာမျိုးတော့ မဟုတ်ဘူး။ ကရင်နီမှာ စစ်ပွဲတွေဖြစ်လို့ နေရပ်စွန့် ခွာ ထွက်ပြေးတိမ်းရှောင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်လာတာပါ။ ကရင်နီကနေ ထိုင်းနိုင်ငံထဲကိုလာရင် ချင်းမိုင်မြို့ဟာ စစ်ဘေးတိမ်းရှောင်သူတွေအဖို့ အဆင်ပြေဆုံးနေရာ ဖြစ်ပုံရပါတယ်။
ကရင်နီဒေသနဲ့ ချင်းမိုင်မြို့ဟာ မြေပုံအရတော့ နီးစပ်ပေမယ့် တကယ့်မြေပြင်ခရီးကတော့ မနီးလှပါဘူး။ အထူးသဖြင့် တရားမဝင်နည်းလမ်းနဲ့ လာကြတာဖြစ်လို့ ခြေကျင်တလှည့်၊ တာပေါ်လင်အုပ်ထားတဲ့ ကားနောက်ခန်းထဲကနေတဖုံ လိုက်ပါလာရတာမို့ သာလို့တောင် ဝေးပါသေးတယ်လို့ ပြောရမှာပါ။
“ကျမတို့လာတာ အောက်လမ်းကနေလာတာ။ တာလပတ်အုပ်ထားတဲ့ ကားနောက်ခန်းကနေ လိုက်လာကြတာ။ကျမနဲ့အတူ ကရင်နီကလူတွေလည်း ပါတယ်။ လမ်းတလျှောက်လုံးလည်း ဘာမှမမြင်ရဘူး”
ကရင်နီကနေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို လွန်ခဲ့တဲ့ ၂ နှစ်က လာခဲ့ရတဲ့ လမ်းခရီးအခြေအနေကို “မိုး” က စိတ်လိုလက်ရ ပြောပြပါတယ်။ သူ့ပုံစံက ရွာကို လွမ်းနေသလို။ သူနဲ့ ခရီးအတူလာကြတဲ့ သူငယ်ချင်းတွေကို လွမ်းဆွတ်နေတဲ့ ပုံမျိုးပါ။
သူ ချင်းမိုင်ကို စရောက်တော့ စားသောက်ဆိုင်တဆိုင်မှာ အလုပ်ရတယ်။ အတူလာတဲ့သူတွေလည်း သူ့နေရာနဲ့သူ ခွဲသွားကြပါတယ်။ တခြားသူတွေ ဘယ်လိုနေရာမှာ ဘယ်လိုအလုပ်မျိုး ရလဲဆိုတာ မိုးမသိတော့ပါဘူး။
စားသောက်ဆိုင်အလုပ်က မိုးအတွက် အတော်ကလေး ပင်ပန်းခဲ့ရတယ်။ ဘာသာစကား အခက်အခဲအတွက်လည်း အွန်လိုင်းပေါ်ကနေ ထိုင်းစကားပြောကို သုံးလပြတ်နဲ့ သင်ယူခဲ့တယ်။ ဒီလိုနဲ့ စားသောက်ဆိုင်မှာ ခြောက်လလောက် အကြာ တခြားအလုပ်ကိုပြောင်းဖို့ ပြင်ဆင်ခဲ့ပါတယ်။
“ကျမ ဒီနေရာကို တန်းပြီးရောက်လာတာ မဟုတ်ဘူး။ ချင်းမိုင်ကို စရောက်ရောက်ချင်း စားသောက်ဆိုင်မှာ အလုပ်ရတယ်။ အဲဒီနေရာမှာ အရမ်းပင်ပန်းတာ။ အဲဒါနဲ့ ပွဲစားကို တခြားနေရာပြောင်းပေးဖို့ ပြောပြီး ဒီနေရာရောက်လာတာ”
၂ နှစ်ကျော် ကာလအတွင်းမှာပဲ အလုပ်နှစ်ခု ပြောင်းလုပ်ခဲ့တဲ့အကြောင်းကို ပြောပြပါတယ်။ လက်ရှိနေရာမှာ အလုပ် အဆင်ပြေကြောင်းကိုပါ သူက ပြောပြပါတယ်။ သူပြောပြတဲ့ အလုပ်အကြောင်းတွေထဲမှာ ရွာကိုလွမ်းတဲ့အကြောင်းလည်း ပါလာတတ်ပါတယ်။ သူ့လိုပဲ တခြား မြန်မာပြည်က လာတဲ့သူတွေလည်း အိမ်လွမ်းဝေဒနာ ခံစားနေရမှာပါ။
ဒီနေရာက ဧည့်ရိပ်သာလို့ ပြောလို့ရမှာပါ။ အထူးသဖြင့် ထိုင်းလူမျိုးတွေ တညတာ လာတည်းကြသလို နှစ်ညလောက် လာတည်းပြီး ပြန်သွားကြသူတွေလည်း ရှိပါတယ်။ သုံးလ၊ ခြောက်လ စသဖြင့် လနဲ့ချီ နေကြသူတွေကတော့ မြန်မာနိုင်ငံသားတွေပဲ များပါတယ်။ အခန်းတခန်းကို လပြတ်နဲ့ စငှားပြီဆိုတာနဲ့ စပေါ်တလစာပါ ပေးရတယ်။အနည်းဆုံး သုံးလနေမှ အခန်းပြန်အပ်တဲ့အခါ စပေါ်ပြန်ရတယ်။ သုံးလမပြည့်ဘဲ အခန်းပြန်အပ်ရင် စပေါ်အဆုံးဆိုတော့ အနည်းဆုံး သုံးလတော့ နေကြရပါတယ်။
မြန်မာတွေ အနေများတဲ့အတွက် မိုးတယောက် အိမ်လွမ်းစိတ်ကို မြန်မာတွေအချင်းချင်းကြားမှာ ဖြေဖျောက်နိုင်ဖို့ ကြိုးစားနေထိုင်ပုံ ပေါ်ပါတယ်။
“အပေါ်ဆုံးထပ်မှာ မကောင်းတာလုပ်စားတဲ့ အမျိုးသမီးတယောက်ရှိတယ်။ သူ့ဖောက်သည်တွေက အသက်အရွယ် အစုံပဲ။ ခေါင်းဖြူနေတဲ့ အဘိုးကြီးတွေလည်း လာတာတွေ့ရတယ်။ အိမ်ရှင်သူဌေးမက CCTV ကနေကြည့်ပြီး သူ့ကိုမသင်္ကာတာ ကြာပြီ။ သူ့လူမျိုးဆိုတော့ နှင်ထုတ်ရမှာလည်း အခက်ဖြစ်နေတာ။ တရက်တော့ နှင်ထုတ်ဖို့ လုပ်ရမယ် ဆိုပြီး သူဌေးမက ပြောနေတယ်။ တခြားဧည့်သည်တွေလည်း အနှောက်အယှက်ဖြစ်မှာစိုးလို့ အခြေအနေကြည့်နေတာ။ ဒီလိုနေရာမျိုးမှာ အခုလိုလူမျိုးတွေလည်း ရှိသေးတာပဲ။”
“ပြီးတော့ အလယ်ထပ်က အခန်းကို လာတည်းတဲ့ ထိုင်းအဘိုးကြီးတယောက်လည်း ရှိတယ်။ သူက မနက်အစောကြီး လူတွေအိပ်တဲ့ ၁ နာရီ ၂ နာရီ အချိန်လောက်ဆို မီးကြိုးတွေ လိုက်ခိုးတာ။ သူ့မှာ ကားလည်းပါတယ်။ ကားနဲ့ မီးကြိုးတွေ လိုက်ဖြုတ်တာ။ တရက်ကျတော့ သူ့ကို ရဲတွေလာဖမ်းသွားတယ်။ သူ့ပစ္စည်းတွေတောင် ခုထိရှိသေးတယ်။လာမယူသေးဘူး။ အဖမ်းခံရပြီး တရားရင်ဆိုင်ရတယ်ပြောတယ်။ ထောင်ချခံရလို့နေမယ် သူ့ပစ္စည်းတွေ ခုထိလာမယူသေးဘူး။”
မိုးက သူ့အလုပ်မှာ ကြားသမျှ သိရသမျှတွေကို သူနဲ့ရင်းနှီးသူတွေကို စိတ်လိုလက်ရ ပြောပြတတ်သေးတယ်။
ဧည့်ရိပ်သာလေးထဲမှာ တခါတလေ မြန်မာလူငယ်လေး တယောက်ယောက်က ဂစ်တာကို မတိုးမကျယ်တီးခတ်ပြီး မြန်မာသီချင်း ညည်းနေတတ်တယ်။ ခွဲခွာလာရတဲ့ ဇာတိမြေ လွမ်းတဲ့စိတ်ကို ဖြေဖျောက်နေကြပုံပါ။
မိုးက ဧည့်သည်ပြန်အပ်သွားတဲ့ အခန်းတွေကို သန့်ရှင်းရေးလုပ်ရတယ်။ အမှိုက်သိမ်းတယ်။ အခန်းရှေ့က လျှောက် လမ်းတွေ လှေကားလက်ရန်းတွေကို သန့်ရှင်းရေးလုပ်တာ သူ့ရဲ့ ပုံမှန်အလုပ်တွေထဲက တခုပါ။ အလုပ်ချိန်မှာ ဖုန်းမသုံးရတဲ့ စည်းကမ်းချက်အရ အလုပ်ချိန်ဆို ဖုန်းကို အိပ်ကပ်ထဲတောင် ထည့်မထားဘူး။ သူအလုပ်နားချိန်တွေမှာ ဖုန်းထဲကသီချင်းကို စပီကာဖွင့်ပြီး နားထောင်တယ်။ သူနားထောင်တဲ့ သီချင်းတွေထဲမှာ စိုင်းထီးဆိုင်ရဲ့သီချင်းတွေလည်း ပါတယ်။
တည ဧည့်ရိပ်သာထဲမှာ လူတွေ ရောက်ယက်ခတ်စေတဲ့ ဖြစ်ရပ်တခု ဖြစ်သွားတယ်။ ဧည့်ရိပ်သာထဲ အရပ်ဝတ်နဲ့ရဲတွေ ရောက်နေတယ်ဆိုတာကို သိသွားကြချိန်မှာ တည်းခိုနေတဲ့ မြန်မာလူငယ်တချို့ ရပ်ထားတဲ့ဆိုင်ကယ်တွေကို ကိုယ်စီဆွဲထုတ်ပြီး ထွက်သွားကြတယ်။ ရဲတွေသာပြောတယ်၊ တယောက်မှ ယူနီဖောင်းဝတ်ထားသူ မပါဘူး။ ဘယ်လိုအကြောင်းကြောင့် ရဲတွေရောက်လာသလဲဆိုတာ နောက်တနေ့မနက်လင်းမှ သိရတော့တယ်။
မူးယစ်ဆေး လက်ဝယ်ထားမှုနဲ့ ထိုင်းလူမျိုးတယောက်ကို ရဲက လမ်းမှာဖမ်းမိတယ်။ အဖမ်းခံလိုက်ရတဲ့သူက မိုး အလုပ်လုပ်နေတဲ့ ဧည့်ဂေဟာမှာ တည်းခိုနေသူ။ ထိုင်းရဲက ကွင်းဆက်လိုက်လာပြီး အခန်းထဲအထိ လာစစ်ဆေးတာ။အခန်းထဲမှာ သိုလှောင်ထားတဲ့ ဘိန်းဖြူတွေပါ မိသွားတယ်။
ဒီ့မတိုင်ခင်ရက်တွေက အခန်းတခန်းထဲကနေ လူတယောက်အော်သံကို မကြာခဏ ကြားရတယ်။ မနက်အစောပိုင်းတွေမှာ “အား … အား” နဲ့ အော်သလို နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာလည်း အော်သံကို တခါတရံ ကြားရတယ်။ အားလုံးကတော့ အခန်းတခန်းထဲမှာ အရက်ကြောင်နေသူတယောက် ရှိနေတယ်လို့ ထင်ကြတယ်။ ထိုင်းရဲက လာဖမ်းသွားမှ အဲဒိအခန်းမှာ မူးယစ်ဆေး သိုလှောင်၊ သုံးစွဲ၊ ရောင်းဝယ် ဖောက်ကားနေသူတယောက် ရှိတာကို သိလိုက် ကြရတယ်။ အဲဒိနောက်ပိုင်း အော်သံလည်း မကြားရတော့ပါဘူး။
ယူနီဖောင်းဝတ်မထားဘဲ အခုလို ရှောင်တခင် ဝင်ရောက် ဖမ်းဆီးသွားတာကို ကျီးလန့်စာစားဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေအဖို့ ရဲဆိုတဲ့အသံ ကြားလိုက်တာနဲ့ ပြေးဖို့ လုပ်ကြရတော့တာပါပဲ။ ဧည့်ရိပ်သာလေးထဲမှာ ဖြစ်ပျက်သွားတဲ့ အကြောင်းအရာတွေပါ။
“ဒီမှာနေရတာ ဘာမှန်းမသိဘူး။ ရွာပဲပြန်ချင်တယ်။ ကရင်နီမှာ စစ်ပွဲတွေပြီးသွားရင် ရွာပဲပြန်မှာ။ ဒီမှာနေရတာ မပျော်ဘူး။”
မိုးက သူရွာပြန်ချင်တဲ့အကြောင်းကို ရင်ဖွင့်ပြောပြပါတယ်။ သူ့လိုပဲ ဧည့်ဂေဟာလေးထဲက မြန်မာတွေလည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရင် အိမ်ပြန်ကြမယ့်သူတွေ အများစု ရှိနေကြမှာပါ။ တချို့က အခုလို ပွင့်အံထွက်ကျလာတဲ့ စကားလုံးမျိုး ရှိတယ်။ အဲဒါက “ဒီနေ့ မင်းအောင်လှိုင်သေရင် နောက်နေ့အိမ်ပြန်မယ်” တဲ့။ ။
(The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘တာပလု’ ရဲ့ “ကရင်နီက မိုး”ဝတ္ထုတို ကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
