Connect with us

Hi, what are you looking for?

သတင်း

ပြည်သူနှင့် တော်လှန်ရေးတပ်များပူးပေါင်းဆောင်ရွက်ခဲ့၍ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုရခဲ့ဟု TNLA ပြော

တစ်နှစ်အတွင်းTNLAက မြို့ ၁၂မြို့၊ စစ်ကောင်စီတပ်စခန်း ၁၅၀ကျော်သိမ်းနိုင်ခဲ့ဟု အသိပေး၊ နောင်ချို တောင်းခမ်းအမြောက်တပ်ရင်း ၂ ခု၌ တိုက်ပွဲပြင်းထန်၊ နောင်ချိုနှင့် နမ့်ခမ်းကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်

၁၀၂၇ စစ်ဆင်​ရေးအတွင်း TNLA နှင့်မဟာမိတ်တပ်များသိမ်းယူခဲ့​သောမြို့သိမ်းတိုက်ပွဲအချို့မှလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-TNLA

ဒီးဒီ၊ဟန်​​နွေ/People’s Spring

၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုရခဲ့ခြင်းမှာ ပြည်သူလူထုနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ပြီးစစ်ဆင်ရေးကာလအတွင်း တအာင်းတပ်မတော်(TNLA)က စစ်ကောင်စီတပ်စခန်း ၁၅၀ ကျော်၊ မြို့ ၁၂ မြို့ သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။

ယနေ့ (အောက်တိုဘာ ၂၇ရက်)တွင် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်မြောက်မှု နှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“လက်ရှိ ဒီနေ့ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်တာ တစ်နှစ်ပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။ ဒီနေ့တွေမှာ ကျမတို့ မျှော်မှန်းထားတဲ့ စစ်ဆင်ရေး အောင်မြင်မှု တွေလည်း ရရှိနိုင်ပြီဖြစ်ပါတယ်။ ဒီအောင်မြင်မှုကို ပြမယ်ဆိုရင် မြို့ ၁၂မြို့ သိမ်းနိုင်တယ်။ စစ်ကောင်စီတပ်စခန်း ၁၅၀ ကျော်ပေါ့” ဟု လွေးယေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

TNLA သိမ်းပိုက်ထားသည့် မြို့များမှာ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နှင့် သီပေါမြို့များဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့များကို ကာကွယ်ရန် ပြင်ဆင်မှုများလည်း ပြုလုပ်ထားပြီးဖြစ်သည်ဟု လွေးယေဦးက ဆက်လက်ပြောသည်။

စစ်ကောင်စီတပ်စခန်းများသိမ်းပိုက်ရာ၌ ကျောက်မဲ အခြေစိုက် အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ-၁ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းလုံးကို အပြီး သတ်ရှင်းလင်းနိုင်ခဲ့သည်ဟု လွေးယေဦးက ပြောသည်။

“ဒီအောင်မြင်မှုတွေက ပြည်သူလူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံး ပူးပေါင်းဆောင်ရွက်ပြီး ရရှိလာတဲ့ အောင်မြင်မှု ဖြစ်ပါတယ်” ဟု လွေယေဦးက ပြောကြားသည်။

လတ်တလောတွင် နောင်ချိုမြို့နယ်၌ တိုက်ပွဲများ ရှိနေသည်ဟု သိရသည်။ အောက်တိုဘာ ၂၆ ရက် တွင်က နောင်ချို တောင်းခမ်းရွာအခြေစိုက် အမတ(၃၅၄) တပ်ရင်း နှင့် မစခ(၉၀၂) တပ်ရင်းတို့၌ တိုက်ပွဲပြင်းထန်နေပြီး ဂန့်ကော်ရွာဘက်တွင်လည်း စစ်ကောင်စီက လက်နက်ကြိးများဖြင့် ပစ်ခတ်နေသည်ဟု လွေးယေဦးက ပြောသည်။

စစ်ကောင်စီတပ်ဘက်ကလည်း ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ဖြစ်သည့် ​အောက်တိုဘာ ၂၇ ရက် မနက်အစောတွင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းနှင့် နောင်ချိုကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“ထိခိုက်မှုအသေးစိတ် တက်လာတာ မတွေ့ရသေးဘူး” ဟု လွေးယေဦးက ပြောသည်။

စစ်ကောင်စီတပ်သည် MNDAA၏ လောက်ကိုင်မြို့ကိုလည်း ယနေ့မနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

TNLAအနေဖြင့် လတ်တလော တိုက်ပွဲများကြောင့် ကုန်စျေးနှုန်းကြီးမြင့်ခြင်းအပါအဝင် ပြည်သူ လူထုများ အခက်အခဲ ကြုံနေရမှုများ လျော့ပါးစေရန် တအာင်းဒေသသို့ သွင်းကုန်များဖြစ်သည့် စားနပ်ရိက္ခာ အစားအသောက်ပိုင်း၊ စားသုံးဆီနှင့် လောင်စာဆီအမျိုးမျိုး၊ အိမ်ဆောက်ပရိဘောဂ စသည်တို့ အပေါ် အခွန်ကင်းလွတ်ခွင့်ပေးထားသည်ဟုလည်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား