ရဲခေါင်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့မှ ပျူစောထီးအားကောင်းရာ ကနီကျေးရွာသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း Myaing Supporting Battalion တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ဇန်နဝါရီ ၁၃ရက်ကစ၍ မြိုင်မြို့မှ ကန်နီကျေးရွာသို့ ရိက္ခာပို့ရန်ထွက်လာသော အင်အား ၂၀၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို အင်းရောင်းကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်မှု စတင်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် ဝက်ခေါင်းကျေးရွာနှင့် ကျောင်းကုန်းကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Public Service Announcement
ဇန်နဝါရီ ၁၄ ရက်တွင် ကျောင်းကုန်းနှင့် ကန်နီကျေးရွာကြား၌ နှစ်ကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ ၁၇ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကန်နီကျေးရွာအနီးတော်လှန်ရေးတပ်များ ထောင်ထားသောမိုင်းကိုနင်းမိ၍ စစ်ကောင်စီတပ်သား နှစ်ဦး ပွဲချင်းပြီးထပ်မံသေဆုံးကြောင်း အသိပေးထားသည်။
“ကန်နီပျူရွာကို စကစ စစ်ကြောင်းက ၁၄ ရက်နေ့ကပဲ ရောက်သွားတယ်။ကန်နီရွာကိုလာတာက ၂၀၀ ဝန်းကျင်ပါ။မြိုင်မြို့ပေါ်မှာ နောက်ချန်အင်အားချန်ထားခဲ့ပါသေးတယ်။အခုထိပြန်မထွက်သေးပါဘူး”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ကန်နီကျေးရွာလာသည့် စစ်ကောင်စီစစ်ကြောင်းသည် အင်အားအများအပြားအသုံးပြု၍ ရိက္ခာလာပို့ခြင်းဟု ၎င်းက ဆက်ပြောသည်။
“စစ်ကြောင်းဝင်မလာခင်ကတော့ စစ်ကောင်စီတပ်တွေက သူတို့အထိုင်ချထားတဲ့ပျူရွာတွေနဲ့ မြို့ပေါ်မှာပဲရှိပြီး အပြင်ကိုထွက်လို့မရအောင်လဲ ကာကွယ်ရေးတပ်တွေဘက်ကပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။ကန်နီမှာ ကနဂိုရှိရင်းစွဲ စကစ နဲ့ပျူ ၈၀လောက်တပ်စွဲထားတာ”ဟု Myaing Supporting Battalion တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။
ကန်နီရွာသည် မြိုင်မြို့ပေါ် နှင့် ခြောက်မိုင်ခန့်ကွာဝေးပြီး မြို့၏ အရှေ့ဘက်ခြမ်းတွင်ရှိကာ ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ဆန်းဝင်းက ပျူစောထီးခေါင်းဆောင်အဖြစ်တာဝန်ယူထားသည်။
မြိုင်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့များက ဒေသတွင်းရှိ စစ်ကောင်စီတပ်စွဲထားရာ ပျူစောထီးအားကောင်းရာ ကျေးရွာ ၅ ရွာ၊ တိုက်နယ်ရဲစခန်း ၃ ခု ၊ မြို့မရဲစခန်းနှင့် စက်မှု ၂ စခန်းများအနက် ဝက်ပုတ်ရွာ၊ သရက်ကွရွာနှင့် ကိုင်းတောမရဲစခန်းကို သိမ်းပိုက်ထားသည်။
ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တိုက်ပွဲများတွင် တော်လှန်ရေးတပ်များမှ ရဲဘော်၅ ဦး ဒဏ်ရာရရှိပြီး ပခုက္ကူခရိုင်အမှတ် (၂၊၆၊၇၊၁၄၊၁၅၊၁၇) တပ်ရင်းများ နှင့် ရွှေဘိုခရိုင်တပ်ရင်း (၂၅)၊ မြိုင် ပ.က.ဖတပ်ရင်း၊ Pakokku Earthquake အဖွဲ့၊ အညာမြေတပ်ပေါင်းစုအဖွဲ့၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေသခံပ.က.ဖ နှင့် ပ.အ.ဖများ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။


















































