စက်တင်ဘာ ၂၀၊၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၉ရက် မနက် ၇နာရီခန့်မှာ စစ်တပ်ဟာ လတ်တလောတိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို တိုက်လေယာဉ် ၂စီးနဲ့ ဗုံး ၆လုံး ကြဲချခဲ့လို့ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြအသိပေးပါတယ်။ လူထိခိုက်သေဆုံးရှိမရှိတော့ ဖော်ပြမထားပါဘူး။
စစ်တပ်ဟာ စက်တင်ဘာ ၁၆ရက်ကလည်း ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို လေကြောင်း တိုက်ခိုက်ခဲ့လို့ နေအိမ်အချို့ ပျက်စီးခဲ့ရတယ်လို့ အသိပေးပါတယ်။

Public Service Announcement
ပြည်သူတွေအနေနဲ့ လေကြောင်းသတင်းနားစွင့်ကာ နေထိုင်ရာအနီး ပုန်းခိုကျင်းတွေ တူးထားကြစေလိုကြောင်းလည်း ထုတ်ပြန်ပါတယ်။
ကန်ပက်လက်မြို့နယ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့မြို့နယ်ဖြစ်ပြီး စစ်တပ်က မြို့ကို ပြန်သိမ်းနိုင်ဖို့ မေလက စတင်ထိုးစစ်ဆင်ခဲ့ပါတယ်။ ကန်ပက်လက်နဲ့အတူ မြို့နယ်ချင်းဆက်နေတဲ့ မင်းတပ်ကိုလည်း စစ်တပ်က ထိုးစစ်ဆင်ခဲ့တာပါ။
လတ်တလောမှာ မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ် တိုက်ပွဲဖြစ်ပွားမှုမရှိပေမဲ့ စစ်တပ်က မင်းတပ်၊ ကန်ပက်လက် ဒေသတွေကို လေကြောင်း ဗုံးကြဲတာတွေလုပ်ဆောင်လျက်ရှိပါတယ်။
စက်တင်ဘာ ၁၅ရက်ညသန်းခေါင်က စစ်တပ်ဟာ မင်းတပ်မြို့အနီးကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်မှာလည်းထိခိုက်သေဆုံးမကြားရဟု ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ မင်းတပ်မှာ လတ်တလော တိုက်ပွဲမရှိပေမဲ့ စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှုအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်း လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။



















































