Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယီမင်မှာ ဟိုသီ စစ်ရေးပစ်မှတ်တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ စတင်

ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ သူပုန်တွေကို အမေရိကန်က အတိုင်းအတာ ကြီးမား ကျယ်ပြန့်တဲ့ လေကြောင်း စစ်ဆင်ရေးတွေနဲ့ စတင် တိုက်ခိုက်ခဲ့ပါတယ်။

ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ သူပုန်တွေကို အမေရိကန်က အတိုင်းအတာ ကြီးမား ကျယ်ပြန့်တဲ့ လေကြောင်း စစ်ဆင်ရေးတွေနဲ့ စတင် တိုက်ခိုက်ခဲ့ပါတယ်။

ဒေသတွင်းက ပင်လယ်နီ ရေပြင် နိုင်ငံတကာ ရေကြောင်းသွားလာရေး လမ်းကြောင်းတွေကို ခြိမ်းခြောက် နှောင့်ယှက် တိုက်ခိုက်ခဲ့တဲ့ ဟိုသီတွေကို စစ်ရေးအရ ထိရောက်စွာ အရေးယူဖို့ သူကိုယ်တိုင် အမိန့်ပေးခဲ့တယ်လို့ မတ်လ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ ပထမဆုံးနေ့ လေကြောင်း စစ်ဆင်ရေးတွေအတွင်း ယီမင်မှာ ၂၃ ဦးသေပြီး အနည်းဆုံး ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဟိုသီတွေ ဖွဲ့စည်းထားတဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthမှာတော့ ထရမ့်က အမေရိကန်ဟာ ဟိုသီတွေကို ဖိနှိပ် ချေမှုန်းဖို့အတွက် ဖျက်ဆီးအား ပြင်းထန် ကြမ်းတမ်းတဲ့ စစ်ရေး အင်အားမျိုးကို သုံးစွဲသွားမှာ ဖြစ်တယ်လို့ ရေးသားထားခဲ့ပါတယ်။ သူက ဟိုသီတွေဟာ အမေရိကန်နဲ့ တခြားနိုင်ငံတွေရဲ့ သင်္ဘောတွေ၊ လေယာဉ်တွေ၊ ဒရုန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ၊ ရန်လိုတာတွေနဲ့ မဆီမဆိုင် ပင်လယ်ဓားပြမှု ကျူးလွန်တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

အမေရိကန် စစ်တပ်ဟာ ဟိုသီတွေရဲ့ အခြေစိုက် စခန်းတွေ၊ ဟိုသီ ခေါင်းဆောင်တွေနဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်မှာ ဖြစ်ကြောင်း၊ ဒါဟာ အမေရိကန်ရဲ့ ရေကြောင်း၊ လေကြောင်း သွားလာမှုတွေ၊ ရေတပ်ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီတွေဟာ ဂါဇာမှာ အစ္စရေးနဲ့ ဟားမားစ်တို့ စစ်ပွဲ စတင်တဲ့နောက်ပိုင်း ပင်လယ်နီ ရေပြင်ကို ဖြတ်သန်းသွားတဲ့ အရပ်ဖက် သင်္ဘောတွေကို စတင် တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ အစ္စရေးကို အထောက်အပံ့ ပေးနေတဲ့ နိုင်ငံတွေကို လက်တုံ့ပြန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဟိုသီတွေက ကြွေးကြော်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ ဒရုန်းတချို့ဟာလည်း ဟိုသီတွေ ပစ်ချဖျက်ဆီးတာ ခံခဲ့ရပါတယ်။

ကမ္ဘာအနှံ့က ရေပြင်တွေမှာ အမေရိကန်ရဲ့ အရပ်ဖက်နဲ့ စစ်ဘက် ရေယာဉ်တွေ လွတ်လပ်စွာ ခုတ်မောင်း သွားလာခွင့်ကို ဘယ်အကြမ်းဖက် အဖွဲ့အစည်းကမှ ဟန့်တားပိုင်ခွင့် မရှိစေရဘူးလို့ ထရမ့်က Truthမှာ ရေးသားထားခဲ့ပါတယ်။

ဒါ့အပြင် ဟိုသီတွေကို ဆက်ပြီး အကူအညီ မပေးဖို့ အီရန် အစိုးရကိုလည်း ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ အီရန်ရဲ့ လုပ်ရပ်တွေဟာ အမေရိကန် ပြည်သူတွေကိုဖြစ်စေ၊ သမ္မတကိုဖြစ်စေ ခြိမ်းခြောက်တဲ့ သဘောမျိုး ဆန်နေရင် အကျိုးဆက်ကို အီရန်က တာဝန်ခံရမှာ ဖြစ်ကြောင်း၊ အဲဒီအခါကျရင် အမေရိကန်က သဘောကောင်းနေမှာ မဟုတ်ကြောင်း ထရမ့်က ဆိုပါတယ်။

အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဟိုသီတွေ ထိန်းချုပ်ထားရာ ယီမင်နိုင်ငံ မြို့တော် ဆာနား တစ်ခုတည်းမှာတင် လူ ၁၃ ဦးလောက် သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မြောက်ပိုင်းမှာရှိတဲ့ ဆာဒါး ဒေသမှာတော့ နောက်ထပ် ၁၀ ဦးသေပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း၊ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ကြောင်း ဟိုသီတွေက ထုတ်ပြန်ခဲ့ပါတယ်။

ယီမင်နိုင်ငံအပေါ် အမေရိကန်ရဲ့ ရာဇဝတ်မှုမြောက်တဲ့ ရန်လို တိုက်ခိုက်မှုတွေဟာ ယီမင် ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေကို ဖျက်ဆီးနိုင်မှာ မဟုတ်ကြောင်း၊ ဂါဇာနဲ့အတူ ရပ်တည်သွားမယ့် ယီမင်ရဲ့ ဆုံးဖြတ်ချက်ဟာ ပိုပြီးတော့တောင် အမြစ်တွယ် မြဲမြံလာမှာဖြစ်ကြောင်းလည်း ဟိုသီတွေက တုံ့ပြန် ကြေညာထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။