စစ်ကောင်စီထိန်းချုပ်နယ်မြေမြို့ကြီးများတွင် လုံခြုံရေးအာမခံချက်ရှိပါက CDM ကျွမ်းကျင်ဝန်ထမ်းများဖြင့် ကယ်ဆယ်ရေးလုပ်ပေးမည်ဟု ဖော်ပြ
မတ်-၂၉၊ ၂၀၂၅။ဒီဒီး/People’s Spring
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော အိမ်၊ အဆောက်အဦးနှင့် လုပ်ငန်းခွင်များတွင် ပိတ်မိနေသည့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို နှစ်ပတ်ကြာရပ်နားထားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြေညာသည်။
မနက်ဖန်(မတ်လ ၃၀ရက်)ကစတင်ကာ ထိုးစစ်အားလုံးကို နှစ်ပတ်ကြာ ရပ်နားထားမည်ဟု NUGကယနေ့(မတ်လ ၂၉ရက်)တွင် ကြေညာသည်။

Public Service Announcement
စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ကီလိုမိတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန် အင်အားပြင်းသော ငလျင်နှင့် နောက်ဆက် တွဲငလျင်ငယ်များလှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့တွင် အိမ်နှင့်အဆောက်အအုံများ၊ စေတီဘုရားများ၊ ဗလီများ၊ ကျောင်းများ၊ လမ်းတံတားများ ပြိုကျပျက်စီး၍ ပြည်သူထောင်ချီသေဆုံးကာ သောင်းနှင့်ချီဒဏ်ရာရရှိခဲ့ပြီး လူပေါင်းများစွာ အရေးပေါ်ကယ်ဆယ်ကုသမှုပေးရန် လိုအပ်လျက်ရှိသည်ဟု NUGက ထုတ်ပြန်သည်။
ထို့ကြောင့် ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အနေဖြင့် ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အမြန်ဆုံးကူညီဆောင်ရွက်ရန် ဖိတ်ခေါ်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများတွင် ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ယာယီကယ်ဆယ်ကုသရေးစခန်းများ ဖွင့်လှစ်ရေးတို့ကို တာဝန်ယူပူးပေါင်းဆောင်ရွက်မည်ဟု NUGက ဆိုသည်။
စစ်ကောင်စီထိန်းချုပ်နယ်မြေများဖြစ်သော မြို့ကြီးများတွင် လုံခြုံရေးအာမခံချက်ရှိပါက အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော CDM ကျွမ်းကျင်ဝန်ထမ်းများ အနေဖြင့် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်၍ ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေး လုပ်ငန်းများဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံအဝှမ်း ငလျင်ဘေးသင့်ပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေရှိ ငလျင်ဘေးသင့် ပြည်သူများအား ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကနဦးတွင် အမေရိကန်ဒေါ်လာ (၁)သန်း လျာထားသုံးစွဲ ဆောင်ရွက်သွားမည်ဟုလည်း အသိပေးထားသည်။
တိုင်းရင်းသားပြည်သူတရပ်လုံးအနေဖြင့်လည်း ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေး အင်အားစုများနှင့် အစွမ်းကုန်ကူညီပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။
” ငလျင်ဒဏ်ခံနေရတဲ့ ပြည်သူလူထုကို ကူညီကယ်ဆယ်ဖို့ ကိစ္စတွေကို သေချာလုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ရယ် နောက်တစ်ခုက စစ်ပွဲတွေဖြစ်နေပြီဆိုရင်လည်း ပြည်သူလူထုက ငလျင်ဒဏ်ရောစစ်ဒဏ်ရော ဒဏ်နှစ်လုံးကို ခံရတဲ့အခြေအနေမဖြစ်အောင် ကျနော်တို့ဘက်က ထိုးစစ်တွေကို ရပ်တန့်ထားမယ့်သဘောဖြစ်ပါတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
သို့သော် စစ်အုပ်စုက ငလျင်လှုပ်ခတ်နေသည့်အချိန်နှင့် လှုပ်ခတ်ပြီးသည့်အချိန်များတွင် လေယာဉ်ဖြင့်ဗုံးကြဲခြင်း၊ ပါရာမော်တာဖြင့် ဗုံးကြဲခြင်းများ တွေ့နေရသည်ဟု ဦးနေဘုန်းလတ်က ပြောသည်။
“သူ့ဘက်က ဒီဟာကိုအခွင့်ကောင်းယူပြီးတော့ လက်လွှတ်ထားရတဲ့နယ်မြေတွေကို အခွင့်ကောင်းယူပြီးတော့ ထိုးစစ်ဆင်တာ ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ မိမိကိုယ်ကိုခုခံတဲ့ကိစ္စတွေကိုတော့ ဆက်လုပ်မှာဖြစ်တယ်။ ကိုယ့်ဘက်နေတော့ ဒီနှစ်ပတ်အတွင်းမှာ ထိုးစစ်တွေဆင်တာတော့ ရပ်တန့်ထားမှာဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။


















































