မတ်-၃၁၊၂၀၂၅။ရဲခေါင်/People’s Spring
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် ငလျင်ကြောင့် သေဆုံးသူ ၂၀၀ကျော်ရှိနေပြီး ထပ်တိုးလာဖွယ်ရှိသည်ဟု အဆိုပါမြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး လေးရက်အကြာတွင် မြို့တွင်းနှင့် အနီးတစ်ဝိုက်ရှိ ပြိုကျပျက်စီးသွားသည့် နေအိမ်၊အဆောက်အဦးများကို ရှာဖွေရာတွင် သေဆုံးသူ ၂၀၇ ဦးတွေ့ရှိထားသည်ဟု ဆိုသည်။
“မြို့ထဲမှာ ရှာတာတွေကတော့ ပြီးသလောက် ဖြစ်သွားပြီ။ရွာဘက်တွေတော့ ကျန်သေးတယ်။သွားမရ သေးတာနဲ့အဆက်အသွယ်ပြတ်နေတာကြောင့် ပါတယ်။သေဆုံးမှုက ထပ်တိုးဖို့ပဲရှိတယ်”ဟု အထက်ပါ မီးသတ်ဝန်ထမ်းတစ်ဦးက ငလျင်ဒဏ်ခံခဲ့ရသည့် ရမည်းသင်းမြို့နယ်အခြေအနေကို ရှင်းပြသည်။

Public Service Announcement
ရမည်းသင်းမြို့နယ်သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိသော ပထဝီအနေအထားအရ နေပြည်တော်နှင့် ကပ်လျက်ရှိသည်။
“ရမည်းသင်း တမြို့လုံးနီးပါးပြိုကျပျက်စီးပြီး အသေပျောက်အရမ်းများပါတယ်။ ဗလီတွေလည်းပြိုကျပြီး သူတို့ဝတ်ပြုချိန်ဖြစ်တာကြောင့် အထိခိုက်သေပျောက် တော်တော်များတယ်။နှစ်ပေါင်း ၁၄၀ ကျော်သက် တမ်းရှိတဲ့Church ကြီးလည်း ပြိုကျသွားခဲ့ပြီ။ဖြစ်တည်းကနေ ခုထိ လိုင်းတွေအကုန်ဖြတ်ခံထားရလို့ ဘာသတင်းမှမတက် ဘယ်သူမှမသိ။ဆေးရုံဆိုမဆံ့တော့လို့ အပြင်ဟင်းလင်းပြင်တွေမှာတောင် ဖျာတွေခင်းပြီး တင်ထားရတဲ့ထိပဲ”ဟု ရမည်းသင်းမြို့ခံတစ်ဦးက ပြောသည်။
လွန်ခဲ့သော ခြောက်လခန့် ၂၀၂၄ စက်တင်ဘာ ၁၁ရက်ကလည်း ရမည်းသင်းမြို့နယ်တွင် ရေကြီး ရေလျှံမှုကြောင့် သပြေပင်ကျေးရွာ၊ငါးတဲစု နှင့် အရှေ့ပင်ရွာ ကျေးရွာတို့သည် ရွာလုံးကျွတ် မြေအောက်နစ်မြှုပ်မှုဖြစ်စဉ်ရှိခဲ့သည်။
















































