ဧပြီ ၅၊ ၂၀၂၅။ ရဲခေါင်/People’s Spring
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ်အဆောက်အဦပြိုကျမှုအတွင်း သေဆုံးသူ ၂၀ဦးရှိကြောင်း အဆိုပါမြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့(ဧပြီ ၅ ရက်)တွင် ထုတ်ပြန်သည်။
ငလျင်ကြောင့် ပြိုကျပြီး ပိတ်မိနေသူ အသက်ရှင်လျက် ၁၆ ဦးကယ်ထုတ်နိုင်ခဲ့ပြီး သုံးဦးမှာ ဆေးရုံ၌ သေဆုံးခဲ့သည်ဟု ဆိုသည်။
ပြိုကျအဆောက်အဦးအတွင်း ရုပ်အလောင်း ၁၇လောင်း တွေ့ရှိခဲ့သည်။ ကမ္ဘောဇဘဏ်၀န်ထမ်း ၁၀ ဦး၊ အာမခံ၀န်ထမ်း တစ်ဦးနှင့် ဘဏ်သို့လာရောက်သူ ၉ဦး စုစုပေါင်း ၂၀ဦးဖြစ်သည်။

Public Service Announcement
အသက်ရှင်သူ ၁၃ဦးမှာ ကမ္ဘောဇဘဏ်၀န်ထမ်း ၉ဦးနှင့်ဘဏ်သို့လာရောက်သူ ၄ဦးတို့ ဖြစ်ကြောင်းသိရသည်။
“ဘဏ်က တော့ကယ်ဆယ်ရှာဖွေတဲ့ လုပ်ငန်းစဥ်အကုန်ပြီးသွားပါပြီ”ဟု ပျော်ဘွယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ပျော်ဘွယ်မြို့ကမ္ဘောဇဘဏ် အဆောက်အဦးပြိုကျမှုတွင် ပိတ်မိနေသူများကို ကယ်ဆယ်မှုချက်ချင်းမလုပ်ဘဲ ဘဏ်တွင်းရှိငွေများကိုသာ စစ်ကောင်စီက အရင်ယူဆောင်ခဲ့သည်ဟု ဝေဖန်မှုများလည်းရှိသည်။
ပျော်ဘွယ်မြို့နယ်အတွင်း ငလျင်ကြောင့်သေဆုံးသူ ၂၀၀ကျော်ရှိပြီး စာရင်းအတိအကျကိုမူ ဖြည့်စွက်နေဆဲဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


















































