Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီ အထိနာ၊ စစ်ဆေးရေးဂိတ်အချို့ PDF သိမ်းပိုက်မီးရှို့

ကယားပြည်နယ် ဒီးမော့ဆိုမြို့၌ ယနေ့ဖြစ်ပွားသည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် အာဏာသိမ်းစစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားပြီး စစ်ဆေးရေးဂိတ်အချို့ကိုလည်း PDFက မီးရှို့ဖျက်ဆီးခဲ့သည်။

ဓါတ်ပုံ - KnIc

ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် စစ်ကောင်စီတို့ မေလ ၂၀ရက်တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ယနေ့တွင် ဒီးမော့ဆိုမြို့၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့်စစ်ကောင်စီတို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။

ဓါတ်ပုံ – KnIc

စစ်ကောင်စီက ဒီးမော့ဆိုမြို့ရှိ လူငယ်အချို့ကို ယမန်နေ့က ဖမ်းဆီးရန် ကြိုးစားရာမှ တစ်ဆင့် ပြဿနာဖြစ်ပွားရာ စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ယနေ့တွင်လာရောက် နှိမ်နင်း၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဒီးမော့ဆိုမြို့ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိကြောင်းကြားသိရသည်ဟု KNPP တာဝန်ရှိသူတစ်ဦးကပြောသည်။

“ ဖြစ်တာက ဒီးမော့ဆိုမြို့ရဲ့ အနောက်ဘက်ခြမ်းမှာဖြစ်တာ။ သူတို့က နည်းနည်း တိုက်ပွဲတွေ ကြီးမားလာ ကြမ်းလာတဲ့အခါ စစ်အင်အားဖြည့်တာပေါ့။ ဖြည့်တဲ့အခါ လွိုင်ကော်ကနေ လာတဲ့ စစ်ကြောင်းတစ်ကြောင်းကို ညောင်ကိုင်းနားမှာ ကြားဖြတ်တိုက်ခိုက်တာ စစ်ကောင်စီကနေ မထိုးဖောက်နိုင်ဘူးလို့ ပြောတယ်။ ကားတွေကိုမီးရှို့လိုက်တယ်လို့ပြောတယ် စစ်တပ်တွေ ထိခိုက်နစ်နာမှုရှိတယ်ကြားတယ် ဘယ်လောက်ဆိုတာတော့ အတိအကျမသိဘူး” ဟု ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဖရူဆိုဘက်မှ စစ်အင်အားထပ်ပို့သည့် စစ်ကြောင်းကိုလည်း ဒီးမော့ဆိုမြို့နယ်အဝင်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KNPPတာဝန်ရှိသူတစ်ဦးက ပြောသည်။

ကယားဒေသခံကိုဌေးရယ်က ယနေ့ညနေပိုင်း၌ ဒီးမော့ဆိုမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ်(ထူလွီးဘီလာ) ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ပြီး မီးရှို့လိုက်ကြောင်း ပြောကြားသည်။

ဓါတ်ပုံ – KnIc

ထို့ပြင် ဘောလခဲမြို့နယ် နန်းဖဲတပ်စခန်းနှင့် ဒီးမော့ဆိုမြို့နယ် ဒေါတဝီဂိတ်စခန်းတို့ကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

“ စခန်းသုံးခုမှာ နှစ်ခုက မီးရှို့မရှို့ မသေချာသေးဘူး ။ ဒီတစ်ခု(ပူးပေါင်းစစ်ဆေးရေးဂိတ်) တော့မီးရှို့တာသေချာတယ်။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်က ထိခိုက်ဒဏ်ရာရတာ တစ်ယောက်တော့ရှိတယ်။ စစ်ကောင်စီဘက်ကတော့ ထိခိုက်မှုတော်တော်များတယ်။ အရေအတွက်တော့ အခုထိမသိရသေးဘူး” ဟု ကိုဌေးရယ်ကပြောသည်။

ဒီးမော့ဆို မြို့မရဲစခန်းတို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း သိရပြီးအသေးစိတ်အခြေအနေများကို မသိရသေးပေ။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ယမန်နေ့ မေလ ၂၀ရက်က KNPP ၏ လူငယ်လေ့ကျင့်ရေးကွင်းသို့ သွားရောက်တိုက်ခိုက်ရာ လမ်းခုလတ်တွင် KNPPက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့တိုက်ပွဲဖြစ်စဉ်တွင်လည်း စစ်ကောင်စီဘက်က ထိခိုက်မှုရှိကြောင်း၊တိုက်ပွဲအပြီးတွင် ဒေသခံတောင်သူများကို ပေါ်တာခေါ်ယူခဲ့ရာ ယင်းသို့ ပေါ်တာခေါ်ခြင်းသည် ပစ္စည်း သို့မဟုတ် လူနာများ သယ်ခိုင်းခြင်းဖြစ်နိုင်ကြောင်း KNPPတာဝန်ရှိသူတစ်ဦးပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မေလ ၂၀ရက်ကစ၍ ကယားပြည်နယ်၌ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ KNPPသည် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ