Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဗဟိုပြုသော ဖြေရှင်းနည်းလမ်းများ လိုအပ်ဟု မြန်မာသံအမတ်ကြီး ကုလသို့ ပြောကြား

မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဗဟိုမပြုသော မည်သည့်ဖြေရှင်းနည်းလမ်းမဆို အကောင်းဆုံးအဖြစ် ခဏတာကုစားမှုကိုသာရရှိနိုင်ပြီး အဆိုးဆုံးအဖြစ် ရေရှည်ကျရှုံးမှုဆီ ဦးတည်သွားနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက သတိပေးပြောကြားသည်။

ဇွန်-၁၃၊ ၂၀၂၅။ အီယိုရီ/People’s Spring

မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဗဟိုမပြုသော မည်သည့်ဖြေရှင်းနည်းလမ်းမဆို အကောင်းဆုံးအဖြစ် ခဏတာကုစားမှုကိုသာရရှိနိုင်ပြီး အဆိုးဆုံးအဖြစ် ရေရှည်ကျရှုံးမှုဆီ ဦးတည်သွားနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက သတိပေးပြောကြားသည်။

ဇွန်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီအစည်းအဝေး၌ လုံခြုံရေးကောင်စီ၏ အစီအရင်ခံစာအပေါ် ဆွေးနွေးစဥ် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက ထည့်သွင်း သတိပေးခဲ့ခြင်းဖြစ်သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ အားလုံးပါဝင်မှု၊ ယုံကြည်မှု၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် အရပ်သားကြီးကြပ်မှုအောက်ရှိ စနစ်ကျသည့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း စသည် တို့သည် မြန်မာတို့ ပိုင်ဆိုင်ပြီး ဦးဆောင် ဦးရွက်ပြုသော လုပ်ငန်းစဉ်အတွက် အရေးကြီးသော အစိတ်အပိုင်းများဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့၍ ငြိမ်းချမ်းရေးရရှိရန် ဖော်ဆောင်ပေးမည့် ယုံကြည်စိတ်ချရသော လုပ်ငန်းစဉ်သည် အနာဂတ်တွင် စောင့်ကြိုလျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများသည် အနာဂတ် မြန်မာနိုင်ငံ အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြပြီဖြစ်ကြောင်း သံအမတ်ကြီးက ကုလအထွေထွေညီလာခံ အစည်းအဝေးမှတဆင့် အစီရင်ခံသည်။

အားလုံးပါဝင်သော ဆွေးနွေးပွဲသည် ပြည်သူများ၏ ဆန္ဒ၊ အကျိုးစီးပွားနှင့်အညီ ဖြစ်ပေါ်ရန် လိုအပ်ကြောင်းနှင့် ပြည်သူများက ကြိမ်ဖန်များစွာ အတိအလင်းဖော်ပြကြသည်မှာ အရပ်သားများပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်မှုများသည် ယခုချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်းသံအမတ်ကြီးက ထောက်ပြသည်။

ထို့အပြင် စစ်တပ်သည် အနာဂတ် မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် ပါဝင်ခွင့်မရှိဘဲ အရပ်သားကြီးကြပ်မှု အောက်တွင် ရှိရမည်ဖြစ်ကာ အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝ လေးစားရမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချက်ခြင်းလွှတ်ပေးရမည်ဟု သံအမတ်ကြီးက ကုလအထွေထွေညီလာခံအစည်းအဝေး၌ တောင်းဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်သီတင်းပတ်တွင် အသက် ၈၀ နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ထောင်တွင်းရှိနေစဉ်၌ပင် ပြည်သူပေါင်းများစွာသည် သူမ၏ ၈၀ နှစ် ပြည့်မွေးနေ့ကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပ၍ သူမ ချက်ခြင်း လွတ်မြောက်စေရေးနှင့် ကျန်းမာရေး ကောင်းမွန်စေရေး တို့အတွက် ဆုတောင်းပေးမှုများကို စီစဉ်လုပ်ဆောင်လျက်ရှိကြောင်း ကမ္ဘာ့နိုင်ငံများကို သံအမတ်ကြီးက အသိပေးသည်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၏ အသံများနှင့် ဆောင်ရွက်နိုင်စွမ်းကို အမှန်တကယ် ဗဟိုပြု၍ အကြမ်းဖက် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များကို ပံ့ပိုးပေးရန် အချိန်တန်ပြီ ဖြစ်ကြောင်း သံအမတ်ကြီးက ထပ်လောင်း တောင်းဆိုသည်။

ဆက်လက်ပြီး မြန်မာသံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် လျင်မြန် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ် နိုင်စေရေး ရည်ရွယ်ချက်ဖြင့် လုံခြုံရေးကောင်စီအား အဓိကတာဝန်အဖြစ် ပေးအပ်ထားသော်လည်း ကောင်စီသည် နှစ်ပေါင်း များစွာ ၎င်း၏ အစီအစဉ်တွင် ပါရှိသော ကိစ္စရပ်များစွာအတွက် သဘောထားကွဲလွဲမှုများကြောင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းမရှိဘဲ အရေးယူ ဆောင်ရွက်မှု မရှိနိုင်သည့် အခြေအနေဖြစ်နေကြောင်း ဝေဖန်သည်။

ယင်းနောက် ကောင်စီ၏ စည်းလုံးညီညွတ်မှုကင်းမဲ့ခြင်းကို ယခုနှစ်အတွင်း တံခါးဖွင့်အစည်းအဝေးများ၌ ဆုံးဖြတ်ချက်များအပေါ် ဗီတိုအာဏာသုံးစွဲမှုများနှင့် တံခါးပိတ် အစည်းအဝေးများ၌ ဆုံးဖြတ်ချက် မူကြမ်းများအပေါ် ဗီတိုအသုံးပြုရန် ခြိမ်းခြောက်မှုများမှတဆင့် ထင်ဟပ်နေကြောင်း ထောက်ပြသည်။

ထို့အပြင် မြန်မာ့အရေးအတွက် လုံခြုံရေးကောင်စီက ဆွေးနွေးမှု အကြိမ်အရေအတွက် ကိန်းဂဏန်းများကို လိုသလို အသုံးပြု၍ ရှောင်လွှဲနေကြကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တံခါးပိတ်အစည်းအဝေးများ၏ အရေအတွက်သည် အရေးကြီးခြင်းမဟုတ်ဘဲ မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန် လုံခြုံရေးကောင်စီ၏ မြန်ဆန်၊ ထိရောက်ပြီးပြတ်သားမှု ရှိသော အရေးယူ ဆောင်ရွက်ချက်ကသာ အရေးကြီးကြောင်း သံအမတ်ကြီးက ထောက်ပြပြောဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အဓိက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ စုပေါင်းပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ဖွဲ့စည်းမှုကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ အသိပေးပြောကြားပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

သတင်း

မစ္စစ်ကယ်လီကာရီကိုရွေးချယ်မှုအ​ပေါ် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ်ကြိုဆို