Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့မရဲစခန်းမှ အချုပ်သားလွတ်မြောက်မှု စစ်ကောင်စီက စုံခုံဖွဲ့စစ်ဆေးရာ ရဲနှစ်ဦးသေဆုံး

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းမှ အချုပ်သားလွတ်မြောက်မှုနှင့်ပတ်သက်၍ ရဲများကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးရာ ရဲနှစ်ဦးသေဆုံးပြီး သုံးဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း ဒေသခံနှင့် တပ်တွင်း သတင်းရင်းမြစ်အချို့က ပြောသည်။

ဇွန်-၂၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းမှ အချုပ်သားလွတ်မြောက်မှုနှင့်ပတ်သက်၍ ရဲများကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးရာ ရဲနှစ်ဦးသေဆုံးပြီး သုံးဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း ဒေသခံနှင့် တပ်တွင်း သတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသော ပြည်သူ ၁၃ဦးသည် ယခုလ ၁၇ ရက်ညပိုင်းက ထီးလင်းမြို့နယ် ၁ ရပ်ကွက်ရှိ မြို့မရဲစခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စစ်ကောင်စီ၏ ထီးလင်းမြို့ နယ်အုပ်ချုပ်ရေးခေါင်းဆောင် ဗိုလ်မှူးထိန်လင်းဆိုသူက ရဲများကို စုံခုံဖွဲ့စစ်ဆေးမှုပြုလုပ်ခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ဆေးမှုအတွင်း ရဲတပ်ကြပ် မြင့်အောင် နှင့် ကျော်ဆန်းထွေးတို့သည် ဇွန်လ ၁၉ ရက်တွင် သေဆုံးခဲ့ကြောင်း ဖြစ်စဥ်ကိုသိရှိသူက ဆိုသည်။

“ဦးခေါင်း၊နောက်ကျော နဲ့ ရင်ဘတ်မှာ ကန်ကျောက်ခံရတဲ့ဒဏ်ရာအများအပြားနဲ့သေဆုံးခဲ့တာ”ဟု ၎င်းက လူထုနွေဦးသို့ ရှင်းပြသည်။ အခြားရဲတပ်သား ၃ ဦးကိုလည်း စစ်ကောင်စီက အကျဥ်းချထားပြီးဆက်လက် စစ်ဆေးနေကြောင်း ဆက်ပြောသည်။

“အဲဒီနေ့(ပြည်သူများထွက်ပြေးလွတ်မြောက်ခဲ့သည့်ရက်)က တာဝန်ကျတဲ့ ရဲငါးဦး အဓိက စစ်ခံရတာ။ နှစ်ယောက်က သေသွားပြီကြားတယ်။ ကျန်တဲ့သုံးယောက်ကလည်း တောင်ရဲစခန်း(မြို့မရဲစခန်း)မှာပဲ ဖမ်းခံထားရတာ”ဟု ထီးလင်းမြို့ဒေသခံတစ်ဦးက ပြောသည်။

ထီးလင်းမြို့မရဲစခန်းတွင် ရဲအင်အား ၅၀ ကျော်ရှိပြီး အချုပ်ခန်းနှစ်ခုရှိကာ ဖမ်းဆီးခံထားရဆဲ ပြည်သူ ၁၀ဦးဝန်းကျင် ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

ဇွန်လ ၁၇ ရက် ညပိုင်းက ထွက်ပြေးလာသူ ၁၃ ဦးသည် ထီးလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းထိုးစဥ် ပေါ်တာဆွဲခံရသူများနှင့် တော်လှန်ရေးခံယူချက်ကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခံရသူများ ဖြစ်သည်။

၎င်းတို့ ထွက်ပြေးခဲ့သော လမ်းပိုင်းတနေရာတွင် မိုင်းနင်းမိသဖြင့် အသက် (၅၇) နှစ်အရွယ် အမျိုးသမီးနိုင်ကျဥ်းဖြစ်သူအသက်ဆုံးရှုံးခဲ့ရပြီး ကျန်(၁၂) ဦးကိုကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများက ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက်ကလည်း ထီးလင်းမြို့ ထွေအုပ်ရုံး၌ ဖမ်းဆီးခံထားရသူ ငါးဦးထွက်ပြေးလွတ်မြောက်ခဲ့သည့်ဖြစ်စဥ် ရှိခဲ့ဖူးသည်။

ထီးလင်းမြို့ပေါ်ရှိ မြို့နယ်ထွေအုပ်ရုံး၊ စိုက်ပျိုးရေးရုံး၊ စိုက်ပျိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြို့အရှေ့ဖက် ရုပ်/သံကုန်း၊ မြို့မရဲစခန်းဝင်းနှင့် မြို့နယ် ရွှေထီးခန်းမတို့တွင် စစ်ကောင်စီက အင်အားဖြန့်ကျက်ထားသည်။

ထီးလင်းမြို့နယ်၏ မြို့ပေါ်နေရာမှအပ ကျန်ရှိသည့်ဒေသများကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ပိတ်ဆို့ထားသည်။

ထီးလင်းမြို့ပေါ်တွင် စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၂၀၀ ဝန်းကျင် နှင့် ၎င်းတို့မိသားစုဝင်များ စုစုပေါင်း ၆၀၀ခန့်ကို အမြန်ဆုံးအလင်းဝင်ဘက်ပြောင်းရန် ယခုနှစ်ဆန်းပိုင်းက ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ က ကမ်းလှမ်းခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ပေ။

စစ်ကောင်စီစွန့်လွှတ်လိုက်ရပြီးဖြစ်သော ချင်းပြည်တောင်ပိုင်းမြို့များနှင့် နီးကပ်ပြီး မကွေးတိုင်း၏ အနောက်ဘက်ခြမ်းတွင်ရှိသည့် ထီးလင်းမြို့နယ်သည် ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ ကျော နှင့်အတူ ယောဒေသ အဖြစ်လူသိများသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။