ဇူလိုင်-၁၁၊ ၂၀၂၅။ မိထက်/People’s Spring
မွန်ပြည်နယ်၊ မုဒုံမြို့တွင် ရွှေဆိုင်ကို ဓားပြတိုက်သူများက ဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း မြို့ခံများက ပြောသည်။
မုဒုံမြို့ ရွှေဟင်္သာ ဈေးအတွင်းရှိ ရွှေရတနာဦးရွှေဆိုင်ကို ယနေ့ ဇူလိုင် ၁၁ ရက် နေ့လယ်တွင် ဆိုင်ကယ်စီးပြီး အမျိုးသား ၃ဦးရောက်လာကာ ဓားပြတိုက်ခြင်းဟု သိရသည်။
“ဈေးထဲမှာဆိုတော့ ကျိတ်ပြီးတောင်းနေတာကနေ သေနတ်နဲ့ ပစ်တာ။ ရွှေတွေလည်း ရသလောက် ယူပြေးသွားကြတယ်။ ဆိုင်ပိုင်ရှင် သားအဖဒဏ်ရာရပြီး အဖေက သေဆုံးသွားတယ်” ဟု ရွှေဟင်္သာဈေးမှ ဈေးသည်တစ်ဦးက ပြောသည်။

Public Service Announcement
ဆိုင်ရှင်ဖြစ်သူ ဦးပန်းလာသည် ရင်ဘတ်၌ သေနတ်ဒဏ်ရာရရှိပြီး သေဆုံးသွားကာ ၎င်း၏ သမီးဖြစ်သူလည်း ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး နောက်ပိုင်းအခြေအနေကိုမသိရှိရတော့ကြောင်း ဒေသခံအချ်ို့ကပြောသည်။
စစ်ကောင်စီလက်အောက်၌ တရားဥပဒေစိုးမိုးမှုပျက်စီးနေပြီး မြို့ကြီးများတွင် ဓားပြတိုက်မှုများ၊ ပြန်ပေးဆွဲမှုများ၊ လူပျောက်မှုများ၊ ဆိုင်ကယ်လုယက်မှုများ မကြာခဏဖြစ်ပွားနေသည်။ ယမန်နေ့ ဇူလိုင် ၁၀ရက်က မန္တလေးမြို့တွင် ဆိုင်ကယ်လုယက်ခံရ၍ အမျိုးသားတစ်ဦးဒဏ်ရာရပြီး သေဆုံးခဲ့သလို ဇူလိုင် ၈ရက်ကလည်း ရန်ကုန်မြို့တွင် ရွှေဆိုင်ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။


















































