စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရွှေဆိုင်တစ်ဆိုင်မှ သိန်း ၂၆၀၀၀ ကျော်တန်ဖိုးရှိ ရတနာပစ္စည်းများနှင့် ငွေသား သိန်း ၇၀၀ခန့်အား ဓားပြတိုက်သွားသည့် လူကိုးဦးအား PDF တပ်ရင်းများနှင့် ပကဖများက ၃နာရီအတွင်းရအောင် ပိတ်ဆို့ဖမ်းဆီးပြီး ပိုင်ရှင်ထံ ပြန်လည်အပ်နှံပေးလိုက်ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၆)တပ်ရင်းမှူးက People’s Spring အားပြောသည်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ ရွှေဧကရာဇ်ရွှေဆိုင်မိသားစုသည် မေလ ၁ရက်နံနက်၅နာရီခန့်က ဆိုင်ဖွင့်ရန်ကားဖြင့် ထွက်လာစဉ် လမ်းတွင်ဖြတ်၍ ဓားပြတိုက်ခံရခြင်းဖြစ်သည်။ အဆိုပါ ဓားပြအဖွဲ့ကို ပိတ်ဆို့ဖမ်းဆီးရာ သုံးနာရီအတွင်းဖမ်းမိခဲ့သည်ဟု မြင်းခြံခရိုင်တပ်ရင်း ၆ တပ်ရင်းမှူး ကိုအာကြီးက ပြောသည်။
ဓားပြတိုက်သည့်အဖွဲ့သည် မြင်းမူမြို့ CRFအဖွဲ့ မှ ခွဲထွက်လာပြီ ရိန်းဂျားအမည်ဖြင့် ဖွဲ့စည်းထားသော ဒေသကာကွယ်ရေးအမည်ခံထားသည့်အဖွဲ့ဟု သတင်းရရှိသည်။ ၎င်းတို့ကဓားပြတိုက်ပြီးနောက် ဧရာဝတီမြစ်ကိုဖြတ်၍ ထွက်ပြေးစဉ် PDF တပ်ရင်းများ နှင့် ပကဖများက ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
“မြင်းမူဖက်က သတင်းပို့တာနဲ့ ငါန်းဇွန်ပကဖရော ကျတော်တို့ရင်းရော ဖြန့်ပြီး နေရာယူထားလိုက်တာ။ကျွန်းပေါ်မှာ မောင်းလာတော့ရပ်ခိုင်းပြီးဖမ်းလိုက်တာ” ဟု ကိုအာကြီးကပြောသည်။
“သုံးနာရီအတွင်း ပြန်မိတာ”ဟု ၎င်းက ဆက်က ပြောသည်။
ဓားပြတိုက်သူများထံမှ ရွှေအပြည့်ပါ အိတ် ၂ အိတ်၊ ငွေကြေးပါ အိတ် ၂ အိတ်၊ ရွေထည်များထည့်ထားသော အိတ် ၄အိတ်၊ကွန်ပြူတာ၁လုံးပါအိတ် ၃ အိတ်၊ ရွှေထည့်ထားသော ခြင်း၁ခြင်း၊ရွှေထည့်ထားသော လက်ကိုင်အိတ် ၁ လုံး ၊ရွှေပါ မှန်ကောင်တာ ၂ ပုံး ၊ ရွှေပါဗန်း ၇ ချပ်ကိုသက်သေခံအဖြစ်သိမ်းဆည်းရမိသည်ဟု သတင်းရရှိသည်။
အဆိုပါပစ္စည်းများအားလုံးကို မြင်းခြံခရိုင်တပ်ရင်း(၆)၊ မြင်းမူမြို့နယ်ပကဖ၊ပလဖ အဖွဲ့များက ရွှေဧကရာဇ်ရွှေဆိုင် ပိုင်ရှင်ထံသို့ ချက်ချင်းပြန်အပ်နိုင်ခဲ့သည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
အဆိုပါအမှုတွင် မူလက ၅ဦးကိုဖမ်းမိထားပြီး နောက်ထပ်လေးကိုထပ်မံဖမ်းဆီးခဲ့သည်။
“ကိုးဦးဖမ်းထားတယ်။ပထမ ငါးဦးဖမ်းလိုက်တာ။ နောက် ဒီဘက် ကျွန်းပေါ်စောင့်နေတဲ့ လေးဦးဖမ်းပြီး ပကဖကို လွှဲလိုက်တာ” ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
တိုက်ပွဲများဖြစ်နေပြီးအုပ်ချုပ်ရေးယန္တရားမခိုင်မာသော မြို့နယ်များတွင် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုံခြုံရေးသတိဖြစ်နေထိုင်ကြရန် မြင်းခြံခရိုင်တပ်ရင်း(၆)တပ်ရင်းမှူးကအကြံပြုသည်။
