Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ်တွင် KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - AP

ဇူလိုင်-၁၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်အကြား ယနေ့ (ဇူလိုင် ၁၇ရက်)တွင် တိုက်ပွဲပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့(ဇူလိုင် ၁၇ရက်) နံနက် ၉နာရီတွင် မြစ်ကြီးနားမြို့မြောက်ဘက် မြစ်ဆုံအထက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

” စခတွေက မြစ်ဆုံ တန်ဖဲရွာကနေ ပူတာအိုဘက်ကိုလမ်းကြောင်း ပြန်ဖွင့်ချင်တဲ့ သဘောပဲ။ ပူတာအို လှုံရှာယန်လို့ခေါ်တယ် အဲဒီဘက်ကနေလည်း စခတွေ လှုပ်ရှားလာတာရှိတယ်။ ဒီဘက်ဆင်းလာတာပေါ့။ ပြီးတော့မြစ်ကြီးနားဘက်ကနေတက်လာတာရှိတယ်။ တိုက်ပွဲဖြစ်နေတာ သုံးရက်ရှိပြီး တန်ဖဲ မြစ်ဆုံအထက်နားမှာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

၀ိုင်းမော်မြို့နယ်တွင်လည်း ယနေ့နံနက် ၉နာရီကစ၍ ၂နာရီကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ခဲ့သည်ဟု ပြောသည်။

“ဝိုင်းမော်ဘက်မှာရော သူတို့ အခုတလော လှုပ်ရှားလာတယ်။ လက်နက်ကြီးနဲ့ ပစ်တာ။ ဒရုန်းနဲ့ ဒရော့ဗုံးချတာ။ လေယာဉ်နဲ့လည်း ဝိုင်းမော်ဘက်မှာ ဗုံးလာကြဲတာ တရက်ကို နှစ်ကြိမ်လောက် သုံးကြိမ်လောက်ရှိတယ်။ ဒီနေ့တော့ တိုက်ပွဲတော်တော်ကြီးကျယ်တာပေါ့ ။ မြေပြင်ထိတွေ့မှု”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ၀ိုင်းမော်မြို့နယ်၌ စစ်အင်အား ထောင်ချီစုစည်းကာ စစ်ပြင်ဆင်နေကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။

“ပြည်သူ့စစ်အင်အား တထောင်ကျော် လောက်ရှိတယ်။ ၁၄၀၀ လောက်ရှိတယ်ထင်တယ်။ ပြီးတော့ စစ်ကောင်စီ စစ်တပ်လည်းရှိတယ်။စစ်ကောင်စီတပ်က ဘယ်လောက်လဲ အင်အား အတိအကျတော့ မသိဘူး။ အားလုံး ၂၀၀၀နီးပါးလောက်ရှိတယ်။သူတို့က စစ်မျက်နှာ သုံးခုဖွင့်ပြီးလှုပ်ရှားလာတာ။ သူတို့ ပြောပုံအရဆို ကန်ပိုက်တီ ၊ ပန်ဝါ၊ချီဖွေတို့ ပြန်သိမ်းမယ်တဲ့ အဲဒါ သူတို့ ဒီလပိုင်းမှာလှုပ်ရှားလာမယ့် သူတို့ရဲ့ထိုးစစ်စလာမယ့်သဘောရှိတယ် ဒီလကုန်လောက်မှာ။” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ခန့်မှန်း သုံးသပ်ပြောကြားသည်။

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှား ပြင်ဆင်နေသည့်နေရာများမှာ ဝိုင်းမော်မှ ဗန်းမော်မြို့သို့ ဦးတည်မည့် စစ်မျက်နှာ၊ ခပ်ချိုရွာအနီးနှင့် ဆဒုံး-ကန်ပိုက်တီလမ်းတို့၌ ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်များက တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည့် ဖားကန့်မြို့နယ်တွင် ယနေ့ တိုက်ပွဲသတင်းမကြားရဟု ပြောသည်။ သို့ရာတွင် ဇူလိုင် ၁၄ရက်နှင့် ၁၅ရက်က ဖားကန့် ဒေသတိုက်ပွဲများတွင် စစ်ကောင်စီတပ် အထိနာခဲ့ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့တိုက်ပွဲမှာ မြေပြင်ထိတွေ့မှု မရှိသော်လည်း ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် အပြန်အလှန် တိုက်ခိုက်မှု ရှိသည်ဟု၎င်းက ပြောသည်။

” ဒီနေ့လည်း မနက်အစောပိုင်းကတည်းက ဒရော့ဗုံးတွေနဲ့ အပြန်အလှန်ပဲ။ ပြီးရင် လက်နက်ကြီးတွေနဲ့ ပစ်တာ။ မြေပြင်ထိတွေ့မှုတော့မရှိဘူး ဗန်းမော်ဘက်မှာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် မန္တလေးမြို့မှ အထက်ဘက်သို့ ဧရာ၀တီမြစ်ကြောင်းအတိုင်း စစ်ကောင်စီ သင်္ဘောများ အလုံးအရင်းဖြင့် တက်လာသည့် သတင်းကြားသိရဟု ၎င်းက ဆိုသည်။

“ဒီဘက်ရောက်လာရင်တော့ ငါတို့တော့ ပစ်ရမှာပဲအရင်လိုပဲ။ ဒါပေမဲ့ ကျနော်ထင်တာတော့ ဗန်းမော်တော့ မရောက်နိုင်ဘူးထင်တယ်။ သပိတ်ကျင်းမှာလည်း တိုက်ပွဲက အကြီးအကျယ်ဖြစ်နေတာ။သပိတ်ကျင်းတို့ ထီးချိုင့်တို့ ရွှေကူဘက် ရိက္ခာလာပို့တာ ဖြစ်မယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်တိုက်ပွဲအပါအဝင် ကချင်ဒေသစစ်ရေး အခြေအနေများ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။