စက်တင်ဘာ ၂၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။
မနေ့က စက်တင်ဘာ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်က မိတ္ထီလာမြို့၊ ဘူတာဟောင်းအနီးမှာ ခရီးသည်စောင့်ဆိုင်းနေတဲ့ မီနီအိုးဝေယာဉ်ကို အသက် ၁၈ နှစ်ဝန်းကျင် လူငယ် ၃ဦး ရောက်ရှိလာပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က ဒေသအခေါ်အမေကြီးအိုကွေ့အနီးထိ လိုက်ပို့ပေးဖို့ ငှားရမ်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အမေကြီးအိုကွေ့အရောက်မှာ အိုးဝေကို ရပ်ခိုင်းပြီးနောက် ငှားရမ်းလာတဲ့ လူငယ်တွေက အိုးဝေသမားကို စကေဘာ (သုံးမြှောင့်သံချွန်)နဲ့ ထိုးနှက်ကာ လုယက်ခဲ့ကြကြောင်း၊ အိုးဝေသမားက ပြန်လည်ခုခံခဲ့သလို အနီးအနားကို လူတွေ ရောက်ရှိလာတာကြောင့် ပြစ်မှုကျူးလွန်သူ လူငယ် ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

Public Service Announcement
” အလုခံရတဲ့ အမေကြီးအိုကွေ့ဆိုတာ စစ်ဆေးရုံလမ်းဆုံကနေရှေ့နည်းနည်းပဲသွားရတယ်။ ခမရ ၃၁၅၊အမတ၃၂၀၊ ၅၀၀၁ သံချပ်ကာ တပ်သုံးခုဆုံတဲ့နေရာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလုယက်မှုကြောင့် အိုးဝေသမားမှာ လည်ပင်း၊ လက်မောင်းနဲ့ ဝမ်းဗိုက်တို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး စမတ်ဖုန်းတစ်လုံး၊ ကျပ် ရှစ်သောင်းနဲ့ လိုင်စင်စာရွက်စာတမ်းအချို့ ပါသွားခဲ့ကြောင်း သိရပါတယ်။
မိတ္ထီလာမြို့မှာ လေတပ်စခန်းဌာနချုပ်၊ တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ် (တမခ ၉၉)၊ အမှတ်(၇၀၇)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပိုဆောင်ရေးတပ်ရင်း (ရထပ-၁) အပါအဝင် အထူးစစ်ဆင်ရေးဆိုင်ရာ ထောက်ပိုတပ်ဖွဲများအပါအဝင် စစ်ကောင်စီတပ်တွေ အများအပြား အခြေစိုက်ထားတာကြောင့် လုံခြုံရေးအထူးတင်းကြပ်ထားပေမဲ့ လုယက်မှုတွေ ဖြစ်ပွားနေကြောင်း သိရပါတယ်။



















































