စက်တင်ဘာ ၂၂၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ သပိတ်ရဲဘော်တွေ၊ ပြည်သူ့ပညာရေး သပိတ်စစ်ကြောင်းနဲ့အတူ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက “Our UN Ambassador U Kyaw Moe Tun The True Voice of Myanmar”၊ “ငါတို့ရဲ့ သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့ အသံဖြစ်သည်” ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့တာပါ။

Public Service Announcement
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက (၈၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာ ရရေးအတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဦးဆောင်ပြီးတော့ “မြန်မာပြည်သူတွေရဲ့ အသံကို မတိတ်ဆိတ်စေပါနဲ့ ၊ ဦးကျော်မိုးထွန်းကို UNမှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုပါ ၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒကို လေးစားပေးပါ နဲ့ ဦးကျော်မိုးထွန်းကသာလျှင့်ငါတို့ရဲ့ တရားဝင်သံအမတ်ဖြစ်တယ်” ဆိုတဲ့ လက်ကမ်းစာစောင်တွေကို ရွာစဉ်အလိုက် ဖြန့်ဝေပေးခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ထမ်းဆောင်ရေးကို ထောက်ခံကြောင်း လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆက်လက် အသိအမှတ်ပြုရေးအတွက် ကမ္ဘာ့မြို့ကြီးတွေမှ နိုင်ငံတကာရောက် နွေဦးတော်လှန်ရေးမိသားစုတွေနဲ့ ပြည်တွင်းမှ တော်လှန်ပြည်သူတွေက ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။



















































