Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါဝင်ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ ကုလယန္တရား လုပ်ဆောင်နေ

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါဝင်ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ မြန်မာ့လေတပ်ရဲ့ ဖွဲ့စည်းပုံနဲ့ အမိန့်ပေးကွင်းဆက်တွေကို စိစစ်သုံးသပ်နေတယ်လို့ မြန်မာယန္တရား IIMM က ဒီနေ့ သြဂုတ် ၁၂ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ တိုက်လေယာဥ်နှစ်စီး ၂၀၁၉ ခုနှစ်က စစ်ရေးလေ့ကျင့်နေစဥ်။ ဓာတ်ပုံ - CINCDS

သြဂုတ်-၁၂၊ ၂၀၂၅။ People’s Spring

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါဝင်ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ မြန်မာ့လေတပ်ရဲ့ ဖွဲ့စည်းပုံနဲ့ အမိန့်ပေးကွင်းဆက်တွေကို စိစစ်သုံးသပ်နေတယ်လို့ မြန်မာယန္တရား IIMM က ဒီနေ့ သြဂုတ် ၁၂ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

IIMM လို့ ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားဟာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အထောက်အထားတွေ စုဆောင်းခြင်းနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းရာမှာ တိုးတက်မှုတွေ ရှိနေတယ်လို့ ဒီနေ့ ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်လှတဲ့ အကြမ်းဖက်မှုတွေ အကြိမ်ရေပိုတိုးပြီး ဆိုးဆိုးရွားရွား ကျူးလွန်နေဆဲဖြစ်ကြောင်း ကျွန်တော်တို့ရဲ့ အစီရင်ခံစာမှာ အသားပေး ဖော်ပြထားပါတယ်။ ကျူးလွန်သူတွေအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေအတွက် တရားရုံးမှာ သွားရောက်ဖြေရှင်းရတဲ့နေ့ဆီကို မျှော်မှန်းပြီး ကျွန်တော်တို့ လုပ်ကိုင်နေပါတယ်”လို့ ယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာမှာ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရဲ့ တရားလိုရှေ့နေက မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုရာမှာ ယန္တရားက အထောက်အထားတွေ မျှဝေ ပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး ဗျူနိုအေရိစ်မြို့အခြေစိုက် အာဂျင်တီးနား ဖက်ဒရယ်တရားရုံးက စုံစမ်းစစ်ဆေးရေးဆိုင်ရာ တရားသူကြီးဟာ ဒီနှစ် ဖေဖော်ဝါရီမှာ မင်းအောင်လှိုင်နဲ့ အခြားပုဂ္ဂိုလ် ၂၄ ဦးကို တရားရုံးကို ဆင့်ခေါ်တဲ့ အမိန့်ထုတ်ပြန်ရာမှာလည်း ယန္တရားက မျှဝေတဲ့ အထောက်အထားတွေကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

IIMM ယန္တရားဟာ ရိုဟင်ဂျာတွေနဲ့ ဆိုင်တဲ့ အမှုတွေကို ကိုင်တွယ်နေတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၊ နိုင်ငံတကာ တရားရုံး(ICJ)နဲ့ အာဂျင်တီးနားနိုင်ငံက အာဏာပိုင်တွေကို သက်ဆိုင်ရာအထောက်အထားတွေနဲ့ စိစစ်သုံးသပ်ချက်တွေကို ဆက်လက်မျှဝေနေတယ်လို့ အသိပေးပါတယ်။ အချက်အလက်တွေမျှဝေဖို့ ဗြိတိန်ရဲ့ သီးသန့်တောင်းဆိုချက်ကိုလည်း အကြောင်းပြန်နေတယ်လို့ ယန္တရားက ဆိုပါတယ်။

ယန္တရားက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ်မှာ ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက် ကာလအပိုင်းအခြားအတွင်း ဆောင်ရွက်ချက်တွေကို တင်ပြထားပြီး မြန်မာနိုင်ငံရှိ ထိန်းသိမ်းစစ်ကြောတဲ့နေရာတွေမှာ ရိုက်နှက်ခြင်း၊ လျှပ်စစ်နဲ့ ရှော့တိုက်ခြင်း၊ လည်ပင်းညှစ်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လိင်အင်္ဂါအစိတ်အပိုင်းတွေကို မီးရှို့ခြင်းနဲ့ အခြားလိင်အကြမ်းဖက်မှုတွေကျူးလွန်နေကြောင်း မှတ်တမ်းတွေကို အသေးစိတ်ဖော်ပြထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ ရန်သူ့ဘက်က တိုက်ခိုက်သူတွေနဲ့ သတင်းပေးဆိုကာ စွပ်စွဲခံရတဲ့ အရပ်သားတွေကို အကျဥ်းချုံး တရားစီရင်ပြီး ကွပ်မျက်ရာမှာ ပါဝင်သူတွေကို ဖော်ထုတ်နိုင်ဖို့ အထောက်အထားတွေကိုလည်း ယန္တရားက စုဆောင်းနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေ၊ သူတို့နဲ့ ဆက်စပ်တဲ့ ပြည်သူ့စစ်တွေ၊ စစ်တပ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အကျဥ်းချုံးစီရင်ကွပ်မျက်မှုတွေကို ကျူးလွန်နေတယ်လို့ ယန္တရားက ဖော်ပြပါတယ်။

IIMM ယန္တရားကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျုးလွန်တဲ့ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြားသော နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက်ခြင်းတွေအတွက် အထောက်အထားတွေစုဆောင်းဖို့နဲ့ စိစစ်သုံးသပ်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ တိုက်လေယာဉ်တွေ ပျံသန်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။