နိုဝင်ဘာ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ မော်လူးမြို့အကြားရှိ စစ်တပ်တပ်စခန်း ၃ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အင်းတော်-မော်လူးကြားက စီပိန်း၊ ဖားပန့်နဲ့ ပင်ဝယ် ကျေးရွာ အခြေစိုက် စစ်တပ်စ ခန်း ၃ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းအပေါ် စစ်ရေးသတင်းရင်းမြစ်က အခုလို ပြောတာပါ။
အဲဒီ စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသနဲ့ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း (၃၅) တို့ ပူးပေါင်းဖော်ဆောင်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Public Service Announcement
စခန်း ၃ ခုသိမ်းရတာ၊စစ်သုံ့ပန်းတွေရတာ၊ လက်နက်ခဲယမ်းတွေ သိမ်းရတာ ဟုတ်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြု ပြောကြားပြီး နိုဝင်ဘာ ၄ရက်ကနေ ၈ရက်အတွင်း စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တာလို့ ရှင်းပြပါတယ်။
အခုလို စခန်းသိမ်းနိုင်တာဟာ အာဏာသိမ်းစစ်တပ်က ဒေသတွင်းကို အင်အားအလုံးအရင်းဖြည့်ပြီး အရေးပါတဲ့ လမ်းကြောင်းတွေ စိုးမိုးထိန်းချုပ်ဖို့ ကြိုးပမ်းနေတာ အလုပ်မဖြစ်တာကို ပြသတဲ့ အခြေအနေလို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်အတွင်း အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်ကို အတူတကွ တိုက်ခိုက်လျက်ရှိသလို ကချင်-စစ်ကိုင်းဒေသ တိုက်ပွဲတွေ၊ မြစ်ကြီးနား-မန္တလေးလမ်းပိုင်း စစ်တပ်စစ်ကြောင်းတွေ၊ ယာဉ်တန်းတွေကို ပူးပေါင်းတိုက်ခိုက်လျက်ရှိပါတယ်။
စစ်ကိုင်းတိုင်း ထီးချိုင့်နဲ့ အင်းတော်ဒေသ တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ မန္တလေး PDF အထူးလှုပ်ရှားတပ်မ ရဲ့ နိုဝင်ဘာ ၈ရက် သတင်းထုတ်ပြန်ချက်မှာ အောက်တိုဘာလအတွင်း တိုက်ပွဲတွေမှာ စစ်တပ်က ၈၀ ကျော်သေဆုံးကာ လက်နက်တွေ သုံ့ပန်းတွေ ရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။
MDY PDFဟာ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲများနဲ့ လက်တွဲပြီး အောက်တိုဘာ ၄ရက်က ထီးချိုင့်မြိုနယ် တုံလုံရွာ စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ရာစစ်တပ်ကတပ်ကြပ်ကြီးအပါအဝင် ၉ဦး သေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။
ဒါ့အပြင် အင်းတော်မြိုနယ်ကို အင်အား ၅၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကိုလည်း အောက်တိုဘာ ၈ရက်ကနေ အောက်တိုဘာ ၁၇ရက်အတွင်း တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးမှုများခဲ့တယ်လို အသိပေးပါတယ်။ စစ်တပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ ပြည်သူ့စစ်ရဲဘော်တွေအပါအဝင် ၇၀ ကျော်သေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ဆင်ရေးအတွင်း တော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးမှုရှိခဲ့ပါတယ်။




















































