နိုဝင်ဘာ-၉၊၂၀၂၆။ဆဏ်း/People’s Spring
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၊ မီးရှို့ပျက်စီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ Churches ကျောင်းတွေ ပြင်ဆင်တည်ဆောက်ဖို့ ရည်ရွယ်ပြီး နယူးယောက်မြို့မှာ “Faith Unbroken” ဖျော်ဖြေပွဲပြုလုပ်မယ်လို့ တော်လှန်အနုပညာရှင် လင်းလင်းက အသိပေးထားပါတယ်။
“ဒီ NEW YORK ရှိုးပွဲကနေ ရရှိသမျှ အားလုံးကို အာဏာရှင်စစ်တပ်မှ ကိုယ်ထိလက်ရောက်မီးရှို့ဖျက်စီးမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးမှု၊ လေယဉ်ဖြင့် ဗုံးကြဲဖျက်ဆီးမှု စသည့်ဖျက်ဆီးမှုတို့ဖြင့် ကြေမွပျက်ဆီးခဲ့ရသော churches ကျောင်းများ ပြင်ဆင်၊တည်ဆောက်၊ မွမ်းမံ ဖို့အတွက် ရသမျှအားလုံးကို အသုံးပြုမှာဖြစ်ပါတယ်။ တာဝန်ယူဦးဆောင်ပေးမယ့်ရောင်းရင်းများမှ zone အလိုက်၊ ဒေသအလိုက် ခွဲ၍တာဝန်ယူပို့ဆောင်ကြမှာပါ။” လို့ လင်းလင်းကပြောထားပါတယ်။
ဖျော်ဖြေပွဲကိုတော့ ဒီဇင်ဘာ ၁၉ ရက် နယူးယောက်မြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

Public Service Announcement
စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၅ နှစ်ကုန်အထိ စစ်တပ်ဖျက်ဆီးထားတဲ့ Churches ပေါင်း ၁၀၀ ကျော်ရှိပြီး ဘုရားကျောင်းတွေမှာခိုလှုံနေတဲ့ ဘာသာရေးခေါင်းဆောင် နဲ့ အရပ်သားပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ မြေပြင်က အချက်အလက်တွေရရှိထားကြောင်း လင်းလင်းကအသိပေးထားပါတယ်။
“ရှိုးပွဲမှာ အထူးသတိပြုပေးစေချင်တာက ရိုက်ကူးရေးရှိပါတယ်။ ကိုယ်ပိုင်ဖုန်းများဖြင့် ရိုက်ကူးခြင်း၊ Live လွှင့်ခြင်းများ ခွင့်မပြုပါသောကြောင့် လိုက်နာပေးဖို့ အနူးအညွှတ် မေတ္တာရပ်ပါတယ်။” လို့ လင်းလင်းကတောင်းဆိုထားပါတယ်။
လင်းလင်းက သူနဲ့အတူ ဆယ်နှစ်ကျော်ကြာဖြတ်သန်းခဲ့တဲ့ ဂစ်တာကို မဲဖောက်ပေးမယ့် Six Strings, One World အစီအစဉ်ကိုလည်း ပြုလုပ်နေပါတယ်။
“ဂစ်တာခေါင်းစဉ်ကနေ ရသမျှ တော်လှန်ငွေအားလုံးကို နိုင်ငံအနှံ့မှာ အာဏာသိမ်းစစ်တပ်ရဲ့ နည်းမျိုးစုံနဲ့ ဖျက်ဆီးဖြိုလှဲခဲ့တဲ့ ဘာသာပေါင်းစုံရဲ့ အဆောက်အဦးတွေ၊ ဝတ်ပြုရာ နေရာတွေ၊ ဘာသာရေးစာသင်ကျောင်းတွေ ပြုပြင်မွမ်းမံဖို့နဲ့ကလေးသူငယ်စောင့်ရှောက်ပျိုးထောင်ရေးတွေမှာ အသုံးပြုမှာဖြစ်ပါတယ်။ ” လို့ Six Strings, One World အစီအစဉ်နဲ့ပတ်သက်ပြီး လင်းလင်းက ပြောထားပါတယ်။
အဲဒီ့အစီအစဉ်မှာပါဝင်လိုသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ နေရာတွေကနေ တတ်နိုင်သလောက်ပါဝင်ပြီး ပါဝင်သူအားလုံးထဲက တစ်ယောက်ကို မဲနှိုက်ရွေးချယ်ပေးသွားမယ်လို့ ဆိုပါတယ်။
မဲဖောက်ပေးမယ့် ဂစ်တာက လင်းလင်းနဲ့အတူ ဆယ်နှစ်ကျော်ကြာအတူ ဖြတ်သန်းခဲ့တာဖြစ်ပြီး တော်လှန်ရေးကာလမှာထွက်ရှိခဲ့တဲ့ Theatre21 အခွေကို အဲဒီ့ဂစ်တာနဲ့ ရေးခဲ့တာလို့ အသိပေးထားပါတယ်။




















































