နိုဝင်ဘာ ၉၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
ရန်ကုန်မြို့မှာ ပေါ်တာဆွဲမှုတွေရှိနေပြီး လူငယ်နဲ့လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားတဲ့ လူပြန်ပေးဂိုဏ်းတွေပါ ပေါ်ပေါက်နေကြောင်း ဘုန်းသုဆိုတဲ့ မဘသဘုန်းကြီးက ပြောပါတယ်။
ရန်ကုန်မြို့အတွင်း လက်တလောမှာ လူငယ်တွေ ပျောက်ဆုံးမှုတွေနဲ့ ပတ်သက်ပြီး ပေါ်တာဆွဲခံရမှုတွေအပြင် လူပြန်ပေးဆွဲတဲ့ ဂိုဏ်းတွေပါ အကြီးအကျယ် ပေါ်ပေါက်နေကြောင်း ‘ဘုန်းသု’ အမည်ရှိ မဘသဘုန်းကြီးက TikTok အကောင့်မှတဆင့် ပြောဆိုထားပါတယ်။
ယခု ရက်ပိုင်းအတွင်း လူငယ်ကျား၊မ မရွေး ပျောက်ဆုံးနေတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး၊ ဖြစ်စဉ်အများစုကို ပေါ်တာဆွဲတယ်လို့ ခြုံပြောနေကြောင်း၊ မြေပြင်မှာ ပေါ်တာဆွဲမှုတွေ အမှန်တကယ် ရှိနေတဲ့အပြင် လူပြန်ပေးဆွဲတဲ့ ဂိုဏ်းတွေပါ အများအပြား ပေါ်ပေါက်နေကြောင်း မဘသဘုန်းကြီးက ပြောပါတယ်။

Public Service Announcement
“ဒီရက်တွေထဲမှာ လူငယ်တွေ မိန်းကလေး ယောကျာ်းလေး ပျောက်ရှတဲ့သတင်းတွေ အများကြီးတက်လာတဲ့အခါကျတော့ အားလုံးက ပေါ်တာနောက်ကိုပဲ ပေါ်တာဆိုတဲ့ စကားလုံးနဲ့ပဲ ဖုံးဖိထားတာ များကြတယ်။ ပေါ်တာဆိုတာလည်းပဲ ဆွဲနေပါတယ်။ တကယ်ဆွဲပါတယ်။ ပေါ်တာဆွဲနေသလို အဓိက ပြောချင်တာက ဘာလဲဆိုတော့ မိမိတို့ပတ်ဝန်းကျင်မှာ လူပြန်ပေး ဂိုဏ်းတွေ အများကြီးပေါ်နေပါပြီ”လို့ ၎င်းက ပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့တွင်းမှာပါ လူပြန်ပေးဆွဲမှုတွေ ဖြစ်ပေါ်နေပြီး လူငယ်တွေနဲ့ လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားကာ ပြန်ပေးဆွဲနေကြောင်း၊ အဆိုပါ အခြေအနေတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေ ၎င်းတို့ဆီ ရောက်ရှိနေကြောင်း ၎င်းက ပြောပါတယ်။ အဲဒီအဖွဲ့တွေကို ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ၎င်းက ဆိုပါတယ်။
“ပျူစောထီးနဲ့ စကစလက်ပါးစေ လူမိုက်တွေနဲ့ ပေါင်းပြီး ခေတ်ပျက်တဲ့အချိန်လုပ်စားနေတာပါ ဖမ်းမိလဲ ပြန်လွှတ်ပေးတာကြောင့် ဘာမှလုပ်လို့မရပါဘူးဘုရား”လို့ TikTok သုံးစွဲသူတစ်ဦးက အထက်ပါဗွီဒီယိုရဲ့အောက်မှာ မှတ်ချက်ပြုထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာတာကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လုံခြုံရေး အခြေအနေ စိုးရိမ်နေရပြီး လူငယ်တွေအနေနဲ့ အထူးသတိပြု သွားလာနေထိုင်ကြဖို့တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခု နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။




















































