နိုဝင်ဘာ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်နဲ့ တနင်္သာရီဒေသက လူငယ်အင်အားစုတွေ တွေ့ဆုံပြီး တော်လှန်ရေးနဲ့ နိုင်ငံရေးအပါအဝင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာတွေ ဆွေးနွေးခဲရာ သဘောတူညီချက် ၅ချက် ရရှိခဲ့ကြောင်း လူငယ်အင်အားစုတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီ (TFUCC)၊ တနင်္သာရီတိုင်းလူငယ်ကွန်ရက် (TYN)၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MLMU-SU)၊ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF)၊ FE5 Tanintharyi Report Series၊ MEGGA Initiative၊ အမည်မဖော်တဲ့ အဖွဲ့အစည်း (၁) ဖွဲ့ စုစုပေါင်း လူငယ်အင်အားစု ၇ဖွဲ့ဟာ မွန်-တနင်္သာရီဒေသ လူငယ်နိုင်ငံရေးနှီးနှောဖလှယ်ပွဲ တရပ်ကို နှစ်ရက် တာ ကျင်းပကာ သဘောတူညီချက်တွေရယူခဲ့တာလို့ အသိပေးပါတယ်။
သဘောတူညီချက် ၅ချက်ရှိပြီး မွန်-တနင်္သာရီ ဒေသက လူငယ်အင်အားစုတွေအကြား အပြန်အလှန်နားလည်မှုများ မြှင့်တင်ပြီး အမြဲအတူတကွ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြဖို့၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မှတ်တမ်းတင်ခြင်းများနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအတွက် ကွန်ရက်များစုဖွဲ့ပြီး ဆက်လက်တွေ့ဆုံ ပူးပေါင်း အကောင်အထည်ဖော်သွားကြဖို့ အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များအတွက် အင်အားစုများမှ လူငယ်များအကြား ပူးတွဲပြုလုပ်တဲ့ သုတေသနများ၊ နှီးနှောဖလှယ်မှုများနဲ့ အပြန်အလှန်လေ့လာသင်ယူမှုများ ပုံမှန်မပြတ် ဆောင်ရွက်သွားကြဖို့၊ ပထဝီနိုင်ငံရေးအရ ရေခံမြေခံနဲ့ နောက်ခံအကြောင်းအရာများ တူညီကြသည့်အလျောက် လူငယ်များအပေါ်ကျရောက်လျက်ရှိတဲ့ ဘုံစိန်ခေါ်ချက်များအား လက်တွဲညီညီ ပူးပေါင်းရင်ဆိုင် ဖြေရှင်းသွားကြဖို့ သဘောတူညီခဲ့ကြောင်း ဖော်ပြပါတယ်။
နိုင်ငံရေးနဲ့ တော်လှန်ရေးလုပ်ငန်းစဉ်များအတွင်း ဆုံးဖြတ်ချက်ချမှတ်တဲ့ အခန်းကဏ္ဍတွေမှာ လူငယ်ထုရဲ့ အဓိပ္ပာယ်ရှိစွာပါဝင်နိုင်မှုကို သေချာစေရေး အတူတကွ တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
မွန်နဲ့ တနင်္သာရီတို့ဟာ နယ်နမိတ်အားဖြင့် ထိစပ်လျက်ရှိပြီး ပထဝီနိုင်ငံရေးနဲ့ စစ်ရေးအရ အရေးပါသော ဒေသများဖြစ်တဲ့အပြင် လက်ရှိ ဒေသအတွင်းဖြစ်ပွားနေတဲ့ သဘာဝ ဘေးအန္တရယ်တို့ဟာ အာဏာရှင်စနစ်ရဲ့ အကျိုးဆက်ကြောင့် သာမန်ထက် ပြင်းထန်လျက်ရှိပြီး စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများက အရပ်သားပြည်သူတို့၏ လူသားချင်းစာနာမှု အခြေအနေကို ပိုမိုဆိုးရွားစေလျက်ရှိကြောင်းလည်း မွန်-တနင်္သာရီလူငယ်အင်အားစုတွေက ထုတ်ပြန်ပါတယ်။
ဒါကြောင့် အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနဲ့ အရပ်သားပြည်သူ အကျိုးပြုရေးတို့တွင် မွန်-တနင်္သာရီ လူငယ်အင်အားစုများရဲ့ အသံ၊ ကိုယ်စားပြုမှုနဲ့ အဓိပ္ပာယ်ရှိသော ပါဝင်မှုကို မြှင့်တင်နိုင်ဖို့ လူငယ်များအကြား နားလည်မှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ အခုလိုတွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ထုတ်ပြန်ပါတယ်။




















































