ဩဂုတ်-၁၅၊ ၂၀၂၅။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်မြန်မာ-ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင်လမ်းပိုင်းတွင်စစ်ကောင်စီ လက်အောက်ခံ အင်ဂျင်နီယာ တဦးကိုထိန်းသိမ်းထားကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၂၇) တပ်ရင်းမှူး စောမှူးဂေက ပြောကြားပြီး စစ်ကောင်စီထောက်တိုင်များ နယ်မြေအတွင်း သွားလာခွင့်မပြုဟု ထပ်လောင်း သတိပေးသည်။
ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီဖြစ်သည့် PTTEPမှကုမ္ပဏီဝန်ထမ်းများနှင့်အတူလိုက်ပါလာသည့်မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE)အင်ဂျင်နီယာ ဦးသိန်းထွန်းကို မိကျောင်းလှောင်နှင့်နတ်အိမ်တောင်သွားသည့်လမ်းပိုင်းတွင် ဩဂုတ် ၁၃ရက်က စစ်ဆေးတွေ့ရှိ ထိန်းသိမ်းခဲ့ကြောင်းသတင်းဖော်ပြချက်ကိုKNLAတပ်ရင်း(၂၇)တပ်ရင်းမှူးက ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ပြန်လည်မျှဝေထားရာ ယင်းနှင့်ပတ်သက်ပြီးမေးမြန်းစဉ် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
“ကိုယ်တို့က ဘာမှကြိုတင်သတင်းမရထားဘူး။ ဒါပေမဲ့ သူတို့က စကစဝန်ထမ်းတယောက်ရဲ့ ကတ်ပြားတွေ စာရွက်စာတမ်းတွေ မိနေတဲ့အချိန်မှာ ကိုယ်တို့ သိလိုက်ရတာပေါ့”ဟု တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

Public Service Announcement
ထိုင်းကုမ္ပဏီအနေဖြင့် ၎င်းတို့ ကုမ္ပဏီလုပ်ငန်း အတွက် သွားလာရာတွင် ကုမ္ပဏီ၏ ဝန်ထမ်းသက်သက်သာ ဖြစ်စေလိုကြောင်း ၎င်းကဆက် ပြောသည်။
“စစ်ကောင်စီရဲ့ ထောက်တိုင်ကျတော့ ကိုယ်တို့ မလိုလားဘူး။ လာဖို့လည်း မလိုဘူးပေါ့လေ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီနယ်မြေမှာ ဖြတ်သန်းသွားလာတာကျတော့ ခွင့်ပြုချက်မရဘူး။ကိုယ်တို့ တော်လှန် ရေးတပ်ဖွဲ့က ခွင့်ပြုချက် မပေးထားဘူး”ဟု တပ်ရင်းမှူး စောမှူးဂေက ပြောပြီး စစ်ကောင်စီ၏ MOGE အင်ဂျင်နီယာကို အခြေအနေအရ ခဏထိန်းထားခြင်းဖြစ်ဟု အသိပေးသည်။
တဖက်တွင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း၊ ပြီးခဲ့သည့် ဩဂုတ် ၂ရက်က ရေဖြူမြို့နယ် ခလရ(၂၈၂) တပ်ရင်းဝန်းကျင်၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြောသည်။
” အမှတ်(၈) လမ်းမကြီးပေါ်မှာ တိုက်ပွဲတွေ ခဏ ခဏ ဖြစ်တာ။ ကိုယ်တို့ ဖြစ်စေချင်တာက စစ်ကောင်စီ ဝန်ထမ်းတွေကျတော့ သွားရေးလာရေးကျတော့ ခွင့်ပြုချက်မပေးဘူးလေ။ ကိုယ်တို့လည်း ကိုယ်တို့ တော်လှန်ရေးတာဝန်ထမ်းဆောင်နေတဲ့သူတွေလည်း သူတို့ဆီမသွားဘူး။ အခုကတော့ သူတို့ ဝန်ထမ်းတွေပဲ ဖြစ်ဖြစ် သူတို့ ပေးအပ်ထားတဲ့ တာဝန်တွေဖြစ်ဖြစ် ကိုယ်တို့က ခေါ်ထားတာပေါ့။ဒီအချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ ရန်သူနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ရန်သူလည်း ဖြစ်နေသလို သူတို့လည်း သိဖို့လိုတယ်လေ”ဟု KNLA တပ်ရင်း(၂၇) တပ်ရင်းမှူးက ပြောသည်။
စစ်ကောင်စီနှင့်ပတ်သက်သည့် အရာ၀တ္ထုဖြစ်စေ၊ စစ်ကောင်စီနှင့် ပူးပေါင်းသူ ၊ သတင်းပေးသူ၊ ထောက်ပံ့ပံ့ပိုးသူဖြစ်စေ၎င်းတို့သည်တော်လှန်ရေးတပ်ဖွဲ့များ၏ရန်သူဖြစ်ကြောင်း၎င်းကပြောသည်။
“ကျနော်တို့ ပြည်သူလူထု တိုင်းရင်းသားတွေကျတော့ အမှတ်(၈)လမ်းမပေါ်မှာကျတော့ သွားရေးလာရေး ပိတ်ပင်တာလည်းမရှိဘူး။ ကျနော်တို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ရန်သူ စစ်ကောင်စီကို ကျနော်တို့ ရန်သူပဲလေ အဲဒီ စစ်ကောင်စီနဲ့ ပတ်သက်ရာပတ်သက်ကြောင်းကျတော့ ကျနော်တို့ ပြည်သူလူထုတွေလုံး၀ ကင်းစေချင်တယ်လေ။ မကင်းဘဲနဲ့ ဟိုလိုလို ဒီလိုလိုကျတော့ ကျနော်တို့ တာဝန်မယူဘူးပေါ့လေနော်” ဟု တပ်ရင်းမှူး စောမှူးဂေက ပြောသည်။
KNLA တပ်ရင်း(၂၇)သည် KNLA တပ်မဟာ(၆) လက်အောက်ခံ တပ်ရင်းဖြစ်ပြီး တပ်မဟာ(၄) လက်အောက်ခံ KNLA တပ်ရင်း(၁၀)၊ တပ်ရင်း(၁၂) ဒေသခံ PDFတပ်များနှင့် ပူးပေါင်းပြီး နတ်အိမ်တောင်သို့ စစ်အင်အားဖြည့်ရန် ကြိုးပမ်းလာသည့် စစ်ကောင်စီ စစ်ကြောင်းများအပါအဝင် ဒေသတွင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိသည်။


















































