သြဂုတ်-၃၀၊ ၂၀၂၅။ဇော်ဝင်း /People’s Spring
မကွေးတိုင်းအခြေစိုက် အညာမြေတပ်ပေါင်းစုက ဒရုန်းတပ် ဖွဲ့စည်းလိုက်ပြီးနောက် ပခုက္ကူမြို့နယ်မှာ စစ်ရေးအရ အရေးပါတဲ့ ညောင်ဂျစ်ပင်ပျူစောထီးရွာကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။
ဒရုန်းတပ် ဖွဲ့စည်းပြီးနောက် ပထမဆုံးတိုက်ခိုက်မှုအဖြစ် သြဂုတ် ၂၉ရက် နေ့လယ် ၁နာရီမှာ စစ်ကောင်စီတပ် နဲ့ပျူစောထီးတွေ အထိုင်ချထားတဲ့ ညောင်ဂျစ်ပင်ကျေးရွာကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးသီး ၃၀ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့ရာမှာ သင်္ကန်းဝတ်ပျူစောထီး ဝါယမရဲ့ ကျောင်းပေါ် ဗုံးကျတာ တွေအပြင် ညောင်ဂျစ်ပင်ပျူစောထီးရွာက ဘန်ကာနဲ့ စစ်တန်းလျားတွေပေါ်ကျရောက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သီးခြားထုတ်ပြန်ထားပါတယ်။

Public Service Announcement
“အဲဒီ ပျူရွာက ပခုက္ကူ၊ ကမ္မ၊ပေါက်၊ယော၊ချင်းပြည်နယ်စတဲ့ဒေသကို ဆက်သွယ်ထားတဲ့လမ်းမကြီးပေါ်မှာရှိပါတယ်။ကားတွေဖြတ်ရင် ဘန်ကားထဲကနေ ပိုက်ဆံထွက်ကောက်တယ်။စစ်ဆေး ဖမ်းဆီးတာတွေရှိတယ်”လို့ အညာမြေတပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူက ကိုဘိုဘိုသန့်ဇင်က ညောင်ဂျစ်ပင်ရွာနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၁၀၀ကျော်ရှိတဲ့ ညောင်ဂျစ်ပင်ပျူစောထီးရွာ တိုက်ခိုက်မှုမှာ တဦးသေပြီး သုံးဦးဒဏ်ရာရရှိတယ်လို့ အသိပေးပါတယ်။အသေးစိတ်အချက်အလက်ကို ဆက်လက်စုံစမ်းဆဲလို့လည်း အညာမြေတပ်ပေါင်းစုက ဖော်ပြပါတယ်။
လတ်တလော စစ်ရေးအရ ပခုက္ကူခရိုင် ပေါက်မြို့နယ်မှာ စစ်ကောင်စီက အင်အားအများအပြားနဲ့ ရောက်ရှိနေတဲ့အပြင် ဆိပ်ဖြူမြို့နယ်ဘက် ဦးတည်ရွေ့လျားနေတယ်လို့ အညာမြေတပ်ပေါင်းစုကအသိပေးပါတယ်။
ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းတွေကို သတိထားဂရုပြုကြဖို့ တိုက်တွန်းထားပါတယ်။

















































