ဇွန်-၁၀၊ ၂၀၂၆။ရဲခေါင်/People’s Spring
“Operation Su “အဖြစ် အညာမြေစစ်ဆင်ရေးဖော်ဆောင်ကာ စစ်တပ်စခန်း နဲ့ ပြည်သူ့စစ်ရွာကို သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၆၅ ဦးနဲ့ လက်နက်ကြီး၊လက်နက်ငယ် ၆၀ နီးပါး သိမ်းဆည်းရရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတရားဖမ်းဆီး အကျဥ်းချခံရမှုကနေလွတ်မြောက်ဖို့ရည်မှန်းပြီး ပခုက္ကူခရိုင်တွင်း မြို့နယ် (၅)ခုက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အညာမြေ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တာလို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အသိပေးပါတယ်။
အဲဒီစစ်ဆင်ရေးတွေကို မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် ပကဖ ၊ KG တပ်ဖွဲ့ ၊ ပေါက်ပကဖတပ်ရင်း ၊ BLY တပ်ဖွဲ့ ၊ မြိုင်ပကဖ ၊ YRF တပ်ဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ( ၂ /၆/၇ /၁၂ /၁၄/၁၇ / ၁၈ ) တပ်ရင်းများ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) ၊မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်းများ ၊ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံခြုံရေးအင်အားစု(ကမ္မ)၊ PLC တပ်ပေါင်းစု ၊ အညာမြေတပ်ပေါင်းစု ၊ PDO/PDA တပ် ၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄ ၊ ပေါက်မြို့နယ် ဆေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ် ပအဖ နဲ့ တော်လှန်ပြည်သူများက စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

Public Service Announcement
ဒါ့အပြင် ပြင် အမျိုးသားညီညွှတ်ရေးအစိုးရ MOD ပကဖရုံးချုပ်နဲ့ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးဝန်ကြီးရဲ့ လမ်းညွှန်ပူးပေါင်းကူညီမှုကိုလည်း ရရှိခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားပါတယ်။
အညာမြေ စစ်ဆင်ရေးရဲ့ ပထမအဆင့် Operation ငယ်တစ်ခုအနေနဲ့ Operation 9 (4+5) ကို ဇွန်လ ၂ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်မဟာဗျူဟာအရ အချက်အချာမြေနဲ့ မဟာဗျူဟာလမ်းပိုင်း ထိန်းချုပ်ရေးမှာ အဓိကအရေးပါတဲ့ ပုသိမ် – မုံရွာလမ်းပိုင်းနဲ့ ပခုက္ကူ – ပေါက် – မင်းတပ် လမ်းတို့ စိုးမိုးနိုင်ဖို့ လိုအပ်တဲ့ ရေပြာလမ်းဆုံ ဖြစ်တယ်လို့ ဆိုပါတယ်။
ဇွန်လ ၂ ရက်နေ့ ညနေပိုင်းမှာ ရေပြာရဲစခန်းကိုသိမ်းပိုက်ပြီး ဇွန်လ ၄ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်အခြေစိုက်တဲ့ပျူစောထီး(ပြည်သူ့စစ်)ကျေးရွာဖြစ်တဲ့ ကုက္ကိုစုရွာကို သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်းစစ်တပ်ကတံတားဦးလေတပ်၊ မကွေးလေတပ်၊ မိတ္ထီလာလေတပ်ကနေ Jet Fighter ၉ စီး၊အခြားတိုက်ခိုက်ရေးလေယာဉ် ၅စီးနဲ့ ဗုံးပေါင်း ၃၀၀ ၀န်းကျင် လေကြောင်းပစ်ကူပေး တိုက်ခိုက်ခုခံခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကာကွယ်ရေးပစ္စည်းစက်ရုံကပစ( ၂၄)ကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကုက္ကိုစုရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်တပ်ရဲ့သတ်ကွင်းဖြစ်တဲ့လယ်ကွင်းပြင် ဟင်းလင်းပြင်နေရာတွေကို ပကဖ ရဲဘော်တွေနဲ့ ပူးပေါင်းတပ်တွေကရဲရဲဝံ့ဝံ့ဖြတ်ကျော်တိုက်ခိုက်ပြီးရရှိခဲ့တာလို့ အသိပေးပါတယ်။တိုက်ခိုက်မှုအတွင်း ကျဆုံးထိခိုက်တဲ့ ရဲဘော်တွေရှိပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်ကသေဆုံးသူ ၃၀ကျော်၊စစ်သုံ့ပန်း၆၅ ဦး၊လက်နက်ချ အလင်းဝင်လာသူ ၆ ဦး၊ ပြည်သူ့စစ်ရွာက ပြည်သူ ၂၄၆ ဦးကို ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ငယ် (၅၅) လက်၊ လက်နက်ကြီး (၄) လက်၊ ကျည်မျိုးစုံ (၃၄၆၅) တောင့် နဲ့ စစ်အသုံး အဆောင် ပစ္စည်းတွေကို သိမ်းဆည်းရရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒ လမ်းညွှန်ချက်၊ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေးများနဲ့ အညီ စစ်သုံ့ပန်းတွေနဲ့ ပြည်သူတွေကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ အသိပေးပါတယ်။
စစ်ဆင်ရေးဟာအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပကဖ ရုံးချုပ်နဲ့ ပြည်ထောင်စုရဲ့ထောက်ပံ့ညွှန်ကြားမှုတွေ၊မကွေးဖက်ဒရယ်ယူနစ်၊ ကာကွယ်ရေးဝန်ကြီးရဲ့လမ်းညွှန်ကူညီမှုတွေနဲ့ အခြား မဟာမိတ်တပ်တွေရဲ့ စုပေါင်းတိုက်ခိုက်နိုင်ခဲ့မှုလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့မေလ၂၃ ရက်ကမြိုင်မြို့နယ် သရက်ကန် ပျူစောထီးကျေးရွာကို သိမ်းပိုက်ရရှိမှုကလည်း ပခုက္ကူခရိုင် ပကဖနဲ့ မြို့နယ် ၅ခုက ပကဖတွေရဲ့ တမာမြေစစ်ဆင်ရေး အနေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
(ကုက္ကိုစုပျူရွာနဲ့ ရေပြာရဲစခန်းတို့ကိုသိမ်းပိုက်ပြီးနောက်မြင်ကွင်း ။ဒဏ်ရာရပြည်သူတွေကိုတော်လှန်ရေးအဖွဲ့တွေကဆေးကုသပေးစဥ် /သက်ကြီးရွယ်အိုဒေသခံတွေကိုတော်လှန်ရေးတပ်တွေကရွေ့ပြောင်းပေးစဥ်။ ဓာတ်ပုံ – Magway People’s Defence Force – Magway PDF၊ ပကဖ၊ မကွေးတိုင်း၊ NUG)





























































