စက်တင်ဘာ-၁၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားလိုအပ်ချက်အတွက်နည်းမျိုးစုံဖြင့် လူသစ်စုဆောင်းနေ၍ လူငယ်များ အသွားအလာ သတိထားကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်က ပြောသည်။
တနင်္သာရီမြို့နယ် မောတောင်နယ်စပ်လမ်းထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်မှုအပါအဝင် တနင်္သာရီတိုင်းအတွင်း စစ်ဆင်ရေးများ၌ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းများကို အဓိက အသုံးပြုနေသည်ဟု၎င်းက ဆိုသည်။
” သူတို့က အင်အားသုံးတာတော့ပစတွေပေါ့။ ပြည်သူ့စစ်မှုထမ်းတွေစုပြီး ရှေ့တန်းပို့တာ။ ကျနော်တို့ တခု ပြောချင်တာက အဓိကတော့ လူငယ်တွေပေါ့။ လူငယ်တွေအသွားအလာ သတိထားဖို့လိုအပ်တယ်။ ဘာဖြစ်လို့လည်းဆို တနင်္သာရီတိုင်း တတိုင်းလုံးကို သူတို့ စစ်မှုထမ်းတွေရသလို ဆွဲထည့်တယ်။ အဲဒီတော့ အသွားအလာ ဂရုစိုက်”ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
စစ်မှုထမ်းများကို စစ်ကောင်စီက အချိန်တို သင်တန်းပေးပြီး ရှေ့တန်းပို့နေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် တနင်္သာရီတိုင်းသာမက နိုင်ငံတဝန်း လူသစ်စုဆောင်းမှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများစွာလည်းရှိနေသည်။
စစ်ကိုင်းတိုင်း၊ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဒရုန်းတပ်ဖွဲ့ထံသို့ပြီးခဲ့သည့် နှစ်လအတွင်း အလင်းဝင်လာသူ စစ်ကောင်စီတပ်သား ၁၄ဦး ရှိရာ အများစုမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြောင်း ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူ ရဲဘော် ကုလားလေးက ပြောကြားသည်။
“စကစက ပေါ်တာဆွဲခံထားရတဲ့ ရဲဘော်တွေ ၁၄ယောက်ရှိတယ်။ စကစဘက်က ပေါ်တာဆွဲတဲ့ ပြည်သူအများစုကတော့ ရန်ကုန်၊ ပဲခူး၊ ပြည်၊ ဧရာ၀တီ အဲဒီဘက်က ပြည်သူတွေပဲများတာပေါ့။ အဓိက ပြောချင်တာကတော့ အဲဒီဘက်က သူတွေကို ကျနော်တို့က ပြောချင်တာကဂရုစိုက်ပါ”ဟု ရဲဘော်ကုလားလေးက ပြောသည်။
လူငယ်များအား အိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲခြင်း၊ လမ်းများတွင် ပေါ်တာဆွဲခြင်းတို့ကို တနိုင်ငံလုံး၌ နည်းမျိုးစုံဖြင့်လုပ်ဆောင်နေ၍ လူငယ်များအနေဖြင့် တော်လှန်ရေးအင်အားစုများ၏ နယ်မြေများသို့ လာရောက် ခိုလှုံနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
စစ်ကောင်စီက မတရား ပေါ်တာဆွဲနေသည်ကို သိနေသကဲ့သို့ စစ်တပ်အာဏာသိမ်းထားသည်မှာလည်း ၅နှစ်ရှိပြီဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ တော်လှန်ရေးတွင် ပါဝင်လုပ်ဆောင်ကြရန် လည်း ကလေးခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက တိုက်တွန်းသည်။
” စကစဘက်က ပေါ်တာဆွဲလို့ပါသွားခဲ့ရင်တော့ မလွယ်ဘူး။ရှင်းရှင်းပြောရရင် အသက်အာမခံချက်မရှိဘူးပေါ့။ ကျနော်တို့ဘက်မှာဆိုရင်တော့လူကို လူလိုဆက်ဆံတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့အတွက် လူကိုလူလိုဆက်ဆံတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ ဝင်ဖို့ပဲ အကြံပေးတယ်”ဟု ရဲဘော် ကုလားလေးက ပြောကြားသည်။


















































