Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားတိုက်လေယာဉ်တွေ နောက်ထပ် နယ်ကျော်ရင် ပစ်ချမယ်လို့ NATO သတိပေးထားကြောင်း သတင်းအပေါ် ရုရှားတုံ့ပြန်

နောက်တစ်ခါ လေပိုင်နက် ကျူးကျော်လာရင် ရုရှား တိုက်လေယာဉ်တွေကို ပစ်ချတော့မယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က အတိအလင်း အသိပေးထားပြီးဖြစ်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့တဲ့၊ အန္တရာယ်များလွန်းတဲ့၊ တင်းမာမှုတွေကို မြင့်တက်စေတဲ့ မီးမွှေးမှုတွေ ဖြစ်နေတယ်လို့ ရုရှားဖက်က ဝေဖန်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

နောက်တစ်ခါ လေပိုင်နက် ကျူးကျော်လာရင် ရုရှား တိုက်လေယာဉ်တွေကို ပစ်ချတော့မယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က အတိအလင်း အသိပေးထားပြီးဖြစ်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့တဲ့၊ အန္တရာယ်များလွန်းတဲ့၊ တင်းမာမှုတွေကို မြင့်တက်စေတဲ့ မီးမွှေးမှုတွေ ဖြစ်နေတယ်လို့ ရုရှားဖက်က ဝေဖန်ခဲ့ပါတယ်။

အခုလထဲမှာ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံ ၃ ခုရဲ့ လေပိုင်နက်တွေထဲ ရုရှားရဲ့ ဒရုန်းနဲ့ တိုက်လေယာဉ်တွေ ကျူးကျော်ခဲ့တဲ့ ဖြစ်စဉ်တွေအပြီး NATOဟာ အလားတူ ရန်စမှုတွေကို ထပ်ပြီး သည်းမခံတော့ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်လို့ Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တကယ်လို့ နောက်တစ်ကြိမ် အလားတူ ထပ်ဖြစ်လာရင် ရုရှား တိုက်လေယာဉ်တွေကိုပါ မချန်တော့ဘဲ ပစ်ချရလိမ့်မယ်လို့ NATOက ရုရှားအစိုးရဆီ ပုဂ္ဂိုလ်ရေးအရ ဆက်သွယ် သတိပေးထားပြီး ဖြစ်တယ်လို့လည်း Bloombergက ဆိုပါတယ်။

ရုရှား ဒရုန်းတွေဟာ NATO နိုင်ငံတွေဖြစ်တဲ့ ပိုလန်နဲ့ ရိုမေးနီးယားတို့ကို ကျူးကျော် ဝင်ရောက်ခဲ့ပြီး ပိုလန်မှာတော့ ဒရုန်းတချို့ကို ကြားဖြတ် ပစ်ချခဲ့ပါတယ်။ ဒါ့အပြင် ရုရှားရဲ့ MiG-31 တိုက်လေယာဉ် ၃ စီးဟာ အက်စ်တိုးနီးယား လေပိုင်နက်ထဲကိုလည်း ၁၂ မိနစ်ကြာ ကျူးကျော် ပျံသန်းခဲ့ကြောင်း NATOက စွပ်စွဲထားပါတယ်။

ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်။ ဓာတ်ပုံ – Reuters

ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ အစိုးရ သတင်းဌာန သတင်းထောက် ပေဗယ်လ် ဇာရူဘင်နဲ့ အင်တာဗျူးမှာ အဲဒီသတင်းနဲ့ ပတ်သက်ပြီး ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။ ရုရှားလေယာဉ်တွေကို ပစ်ချမယ်ဆိုတဲ့ ဖော်ပြချက်မျိုးတွေ ဆိုတာက အနည်းဆုံးတော့ အင်မတန် အဆင်ခြင်ကင်းမဲ့ပြီး တာဝန်မဲ့လွန်းတယ်လို့ ပြောနိုင်ကြောင်း၊ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကလည်း အရမ်း အန္တရာယ်များကြောင်း ပက်စ်ကော့ဗ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အက်စ်တိုးနီးယား လေပိုင်နက်ထဲ ရုရှားတိုက်လေယာဉ်တွေ ကျူးကျော် ပျံသန်းခဲ့တယ် ဆိုတာကလည်း မဟုတ်မှန်ကြောင်း သူက ငြင်းဆိုသွားပါတယ်။ အက်စ်တိုးနီးယားမှာ ရုရှား တိုက်လေယာဉ်တွေ နယ်ကျော် ဝင်ရောက်ခဲ့တယ် ဆိုတာမျိုး စွပ်စွဲနေတာတွေကို သတိထားမိကြောင်း၊ ဒါပေမဲ့ အဲဒီစွပ်စွဲချက်အတွက် ခိုင်မာတဲ့ ဘာအထောက်အထားမျိုးမှ တိတိကျကျ တင်ပြကြတာ မတွေ့ရကြောင်း ပက်စ်ကော့ဗ်က ပြောကြားသွားပါတယ်။

မော်စကိုမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ တစ်ခုမှာတော့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ သံအရာရှိတွေက နောက်တစ်ခါ NATO ပိုင်နက်ကို ရုရှားတိုက်လေယာဉ်တွေ နယ်ကျော်ရင် ပစ်ချမယ်ဆိုတဲ့ အတိအလင်း ခြိမ်းခြောက်မှုကို ပြုလုပ်ခဲ့ကြောင်း Bloombergက ဖော်ပြခဲ့တာပါ။

အဲဒီ သတိပေးချက်မျိုး လုပ်ခဲ့တာ အမှန်ပဲလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့တော့ ပက်စ်ကော့ဗ်က ဒီအကြောင်းကို စကားထဲတောင် ထည့်ပြောမနေချင်ကြောင်း၊ ဒါက တော်တော်ကြီး တာဝန်ကင်းမဲ့တဲ့ ဖော်ပြချက်တွေ ဖြစ်နေကြောင်း၊ ရုရှားက နိုင်ငံတစ်ခုခုရဲ့ လေပိုင်နက်ထဲ ကျူးကျော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေက အခြေအမြစ် မရှိသလို ဒီလို ပြောနေတာကတင် တာဝန်မဲ့လွန်းရာ ကျနေကြောင်း အစောပိုင်း အင်တာဗျူး တစ်ခုမှာ တုံ့ပြန်ခဲ့ပါသေးတယ်။

ယူကရိန်းရဲ့ စစ်ထောက်လှမ်းရေး အေဂျင်စီကတော့ NATO လေပိုင်နက်ကို ရုရှားက ထိပါး စိန်ခေါ်ပြနေတာဟာ အနောက် ဥရောပ မဟာမိတ် နိုင်ငံတွေ အနေနဲ့ ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းအပေါ် နှစ်ရှည်လများ ထောက်ခံ ကူညီပေးနေခဲ့ရာကနေ ခြေကုန်လက်ပန်း ကျလာပြီလား ဆိုတာကို အကဲစမ်းတဲ့ ရုရှားရဲ့ ဗျူဟာတစ်ခု ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်ရဲ့ ကင်းထောက် လေယာဉ် တစ်စီးကို ရုရှား တိုက်လေယာဉ်တွေက အန္တရာယ် ရှိလောက်အောင် နီးနီးကပ်ကပ် ချဉ်းကပ်ပြီး နှောင့်ယှက်ခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားတိုက်လေယာဉ်တစ်စီး မြေပြင်ပေါ်မှာ ရှိနေတုန်းအရေးပေါ် ခုန်ထွက်တဲ့စနစ်အသက်ဝင်သွားရာက လေယာဉ်မှူးနှစ်ဦးသေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ လေပိုင်နက်နား ချဉ်းကပ်လာတဲ့ ရုရှား စစ်လေယာဉ်တွေကို ကြားဖြတ် ဟန့်တားဖို့ ဟန်ဂေရီ လေတပ် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှား တိုက်လေယာဉ်တွေရဲ့ လေပိုင်နက်ကျူးကျော် ထိပါးမှုကို ကြုံခဲ့တဲ့နောက် အက်စ်တိုးနီးယားဟာ တခြားသော NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီကနေ အကြံဉာဏ် တောင်းခံခဲ့ပါတယ်။