နိုဝင်ဘာ-၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေကို အာဏာသိမ်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်လုပ်ဆောင်ခဲ့လို့ အောက်တိုဘာ ၂၉ရက်က ၃၁ရက်အထိ သုံးရက်တာအတွင်း အာရက္ခပြည်သူ ၁၂ဦး သေဆုံးကာ ၃၀ကျော်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူတွေမှာ ကလေးငယ် ၄ဦးပါဝင်ကြောင်း AAက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ AAရဲ့ မဟာမိတ်ဖြစ်တဲ့ တအာင်းတပ်မတော်(TNLA)နဲ့ အပစ်ရပ်စဲပြီးနောက် AA ထိန်းချုပ်နယ်မြေက မြို့ရွာတွေကို လေကြောင်း အရှိန်မြှင့်တိုက်ခိုက်လာတာလို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်လာလို့ ရသေ့တောင်၊ ကျောက်ဖြူ၊ ပေါက်တော ၊ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာ ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

Public Service Announcement
သုံးရက်တာအတွင်း သေဆုံးသူတွေထဲမှာ အသက် (၅)နှစ်အရွယ် ကလေးငယ်၂ဦး၊ (၉) နှစ်အရွယ်ကလေးငယ် ၁ဦးနဲ့ အသက် (၁၇)နှစ်အရွယ် ကလေးငယ်တဦးတို့ ပါဝင်ကြောင်း AAက အမည်စာရင်းတွေနဲ့တကွ ထုတ်ပြန်အသိပေးပါတယ်။ သေဆုံးသူ ၁၂ဦးမှာ အများစုက အမျိုးသမီးတွေဖြစ်ပါတယ်။
ဒါ့အပြင် ဒဏ်ရာရသူ ၃၁ဦးရှိခဲ့ပြီး ကလေးငယ်အချို့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ ပါဝင်တာကို တွေ့ရပါတယ်။
စစ်ရေး၊ နိုင်ငံရေးအပါအဝင် အဘက်ဘက်က ရှုံးနမ့်နေတဲ့ စစ်ကောင်စီဟာ ၂၀၂၅အတွင်း ရှမ်းမြောက်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို ညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှ နှစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်၊ တအာင်းအဖွဲ့အစည်းတို့နဲ့ မရှေးမနှောင်း ပြုလုပ်နိုင်ခဲ့ပေမယ့် မြန်မာပြည်သူတွေအပေါ် နေ့စဉ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများမှာ လျော့ကျသွားခြင်းမရှိဘဲ အာရက္ခဒေသမှာသာမက မြန်မာတစ်နိုင်ငံလုံးအနှံ့အပြားမှာ အပြစ်မဲ့အရပ်သားပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုတွေကို လက်ရဲဇက်ရဲ ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း AAက ထုတ်ပြန်ထားပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့တိုက်ခိုက်မှုရန်ကို ပိုမိုသတိပြုဖို့ ထပ်မံ သတိပေးထားပါတယ်။
တနိုင်ငံလုံးအနှံ့အပြားမှ စစ်ရေးနဲ့လုံးဝမသက်ဆိုင်တဲ့ အရပ်သားပြည်သူနေထိုင်ရာ မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေထူထပ်သောရပ်ကွက်၊ ဘာသာရေး၊ လူမှုရေးပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူအစုအဝေးများရှိရာနေရာတွေကို လူမဆန်စွာ၊ သူရဲဘောကြောင်စွာနဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေတာ၊ လက်နက်ကြီး၊ ဒရုန်းများနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်နေပြီး လူသားမျိုးနွယ်အပေါ် လက်နက်အားကိုးနဲ့ ပြစ်မှုကျူးလွန်နေတာဖြစ်တယ်လို့လည်း AAက ထုတ်ပြန်ထားပါတယ်။


















































